Skip to main content

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ဂွ-ကျောက်ချွန် လမ်းပေါ်ရှိ ဂွချောင်းတံတားဖွင့်ပွဲကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၂၈

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ဂွ- ကျောက်ချွန် လမ်းပေါ်ရှိ ဂွချောင်းတံတားဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသော ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် ဒေါ်အေးနုစိန်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြ သည်။

ဦးစွာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်ဗိုလ်ချုပ်ကြီးတင်အောင်စန်းကရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွ - ကျောက်ချွန်လမ်းပေါ်ရှိ ဂွချောင်းတံတားကို တည်ဆောက် ဖွင့်လှစ် နိုင်ခဲ့သည့်အတွက် ဒေသခံများနှင့်ထပ်တူ  ဝမ်းမြောက် ဂုဏ်ယူရပါကြောင်း၊ ယခုတံတား သစ်ကြီးအား (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆို ဂုဏ်ပြုသည့် အနေဖြင့် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ ဒေသတစ်ခုဖွံ့ဖြိုးတိုးတက်ရန် အဓိကကျသည့် လိုအပ်ချက်များ ထဲမှ လမ်းပန်းဆက်သွယ်ရေး လွယ်ကူလျင်မြန်ခြင်း သည် အလွန်အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း။

ထို့ပြင် မြို့ပြဒေသများသာမက ဝေးလံခေါင်းပါးသည့် ဒေသများပါမကျန် အချိုးညီညီ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံတော် အစိုးရအနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက် ပေးလျက်ရှိကြောင်းနှင့် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် စီမံကိန်းများ အကောင် အထည်ဖော် ဆောင်ရွက်ရာ၌ ပြည်သူ့ဘဏ္ဍာငွေများ သုံးစွဲရာတွင် လေလွင့်မှုမရှိစေရေး၊ ရေရှည်တည်တံ့ခိုင်မြဲရန်အတွက် အရည်အသွေးကောင်းမွန်ရေးတို့ကို တာဝန်ရှိသူများအနေ ဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် ပြောကြားသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်က အမှာစကား ပြောကြားပြီး ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းက ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်နေမှုနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကာ ဒေသခံတစ်ဦးက ကျေးဇူးတင်စကား ပြောကြားသည်။

ယင်းနောက် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က တံတားဖွင့်ပွဲအထိမ်းအမှတ်၊ အမှတ်တရလက်ဆောင်အား နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်ဗိုလ်ချုပ်ကြီးတင်အောင်စန်း ထံ ပေးအပ်သည်။

ထို့နောက် ဂွချောင်းတံတားကြီးအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒေါ်အေးနုစိန်၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ဗိုလ်မှူးချုပ် ကျော်ကျော်သန်း၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးသန်းထွန်း၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးသက်လွင်နှင့် ရပ်မိ၊ ရပ်ဖ ဦးခင်မောင်ထွေးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

 ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ကဗ္မည်းဆိုင်းဘုတ်အား စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးကာ အမွှေးနံ့သာရေ များ ပက်ဖြန်းပေးကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန် ရှိသူများသည် တံတားပေါ်သို့ လှည့်လည်ကြည့်ရှုကြပြီး ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ကြသည်။

ဂွချောင်းတံတားသည် ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့မှ မြောက်ဘက်ပိုင်း ရခိုင်ပြည်နယ် သံတွဲခရိုင်၊ ဂွမြို့နယ်အထိ ငရုတ်ကောင်း - ဆင်မ - ငွေဆောင် - ချောင်းသာ - ရွှေသောင်ယံ - မကျီးဇင် - ကျောက်ချွန် - ဂွ ကမ်းခြေပတ်လမ်း၏ အရေးပါသော တံတားတစ်စင်းလည်းဖြစ်သည်။

အဆိုပါ ဂွချောင်းတံတားသည် စုစုပေါင်းအရှည် ၁၃၉၉ ပေရှိပြီး ယာဉ်သွား လမ်းအကျယ် ၂၄ ပေ နှင့် လူသွားလမ်းအကျယ် တစ်ဖက်လျှင် ၃ ပေ၊ ၆ လက်မစီ ပါဝင်ကာ ရေလမ်း ကင်းလွတ် အမြင့်ပေ ၂၀ နှင့် ရေလမ်းကင်းလွတ်အကျယ် ၈၅ ပေရှိ၍ တံတားခံနိုင်ဝန် (ခွင့်ပြုယာဉ် တစ်စီးချင်း အလေးချိန်) မှာ ၇၅ တန်ဖြစ်သည်။

တံတားအုတ်မြစ်မှာ ဘိုးပိုင်အမျိုးအစားဖြစ်ပြီး တံတားအပေါ်ထည်သည် P.C Girder ၊ R.C Girder တို့ဖြင့် တည်ဆောက်ထားသော သံကူကွန်ကရစ် အမျိုးအစား တံတားဖြစ်ကာ တံတား ခန်းဖွင့်အကျယ် ၂၆ ပေ ၃ လက်မ(သုံး)ခန်း၊ ပေ ၆၀ (နှစ်)ခန်းနှင့် ပေ ၁၀၀ (၁၂ ခန်း) တို့ဖြင့် ဖွဲ့စည်း တည်ဆောက်ထားခြင်းဖြစ်သည်။

 ဂွချောင်းတံတားကို ရခိုင်ပြည်နယ် ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် လမ်းပန်း ဆက်သွယ်ရေးကဏ္ဍဖွံ့ဖြိုး တိုးတက်စေရန်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ပြည်နယ် အစိုးရအဖွဲ့တို့၏ ခွင့်ပြုရံပုံငွေကျပ်သန်း ၈၉၈၀ အကုန်အကျခံကာ ဆောက်လုပ်ရေးဝန်ကြီး ဌာန၊ တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့(၈)မှ ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၁၈ ရက်တွင် တည်ဆောက်ရေးလုပ်ငန်းများ စတင် ဆောင်ရွက်ခဲ့ပြီး လက်ရှိတွင် တံတားတည် ဆောက်ခြင်း လုပ်ငန်း ရာနှုန်းပြည့် ပြီးစီးဖြစ်သည့်အတွက် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်အဖွဲ့သည် ဒီဇင်ဘာလ ၂၇ ရက် မွန်းလွဲပိုင်းတွင် ဂွမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်း အဝေးခန်းမ၌ ဂွမြို့နယ်ရှိ ဌာနဆိုင်ရာများ၊ ဒေသခံရပ်မိရပ်ဖများနှင့် တွေ့ဆုံပွဲသို့ တက်ရောက် ကြသည်။

တွေ့ဆုံပွဲတွင် ဂွမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဦးဇာနည်ကျော်က ဂွမြို့နယ်အတွင်း ဌာနဆိုင်ရာဝန်ထမ်းများ တာဝန်ထမ်းဆောင်နေမှု၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် မြို့နယ်၏ ဒေသဆိုင်ရာအချက်အလက်များကို ရှင်းလင်း တင်ပြသည်။ ဆက်လက်၍ မြို့နယ်အဆင့် ဌာနဆိုင်ရာများက မိမိတို့ဌာနအတွက် လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဒေသဖွံ့ဖြိုးရေး၊ ဒေသတည်ငြိမ်းအေးချမ်း ရေးတို့အတွက် ပြည်နယ်အစိုးရအဖွဲ့မှ ဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်က ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနေမှုကို ရှင်းလင်း ပြောကြားပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ရှင်းလင်းတင်ပြချက်များအပေါ်တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ပေးပြီးဒေသ ဖွံ့ဖြိုးရေးအတွက် ဖြည့်ဆည်းဆောင်ရွက်ပေးရာတွင် ဒေသခံပြည်သူများ၏ ကြိုးစားအား ထုတ်မှုသည်လည်း အရေးပါကြောင်း၊ ထို့အပြင် ဝန်ထမ်းများအနေဖြင့်လည်း ဝန်ထမ်း စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ လိုက်နာကျင့်ကြံ နေထိုင် သွားကြပြီး မိမိဌာနအလိုက် ရည်မှန်းချက်၊လုပ်ငန်းတာဝန်များ အောင်မြင်အောင် အကောင်အထည် ဖော် ဆောင်ရွက်ရင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အလေးထားဆောင်ရွက် သွားကြရန် လိုကြောင်း ပြောကြားသည်။

ညနေပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီး တင်အောင်စန်း နှင့်အဖွဲ့သည် ဂွမြို့၊ ရာဇပဗ္ဗတ မင်းတောင် စေတီတော်မြတ်ကြီး သာသနာ့ နယ်မြေပေါ်တွင် ကိန်းဝပ် စံပါယ်တော်မူသော မဟာကံထူးကံပေါ်ကပ်ကျော်ရုပ်ပွားတော် မြတ်ကြီးအား သွားရောက်ဖူးမြော် ပူဇော်၍ သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ ကြကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)