နေပြည်တော် ဒီဇင်ဘာ ၂၆
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပသော (၇၅)ကြိမ်မြာက်စိန်ရတု တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ကမ္ဘာအေးကုန်းမြေ၊ ဝိဇယမင်္ဂလာဓမ္မသဘင်၌ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ မန္တလေးမြို့၊ ဗန်းမော်ကျောင်းတိုက် ပဓာနနာယက အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ အမှူးပြုသော တိပိဋကဓရတိပိဋကကောဝိဒဩဝါဒါစရိယ အဖွဲ့ဆရာတော်ကြီးများ၊ ပုစ္ဆကဆရာတော်ကြီးများ၊ ကြီးကြပ်ရေးဆရာတော်ကြီးများ၊ စာထောက်စာမဆရာတော်ကြီးများ၊ စာပြန်သံဃာတော်များ ကြွရောက်တော်မူကြပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးအေးထွန်း၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့် အလှူရှင်များ တက်ရောက်ကြည်ညိုကြသည်။
အခမ်းအနားတွင် ဧည့်ပရိသတ်များက တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေးအဖွဲ့ ဩဝါဒါစရိယ ဒုတိယဥက္ကဋ္ဌဆရာတော်၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့၊ မိုးကောင်းကျောင်းတိုက် ပဓာနနာယက အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တသုဓမ္မာစာရာ ဘိဝံသမဟာထေရ်မြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသည့် ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။
ထို့နောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ မန္တလေးမြို့၊ ဗန်းမော်ကျောင်းတိုက်၊ ပဓာနနာယက ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသ မဟာထေရ်မြတ်က “သာရဏီယဩဝါဒကထာ” ဖတ်ကြားသည်။
ယင်းနောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးကိုကိုက သာသနာရေးဆိုင်ရာများကို လျှောက်ထားသည်။
ထို့နောက် နိုင်ငံတော်သံဃမဟာနာယကဆရာတော်ကြီး(၂)ပါးနှင့် တိပိဋကဓရ တိပိဋက ကောဝိဒဩဝါဒါစရိယဆရာတော်ကြီးများ၊ ပုစ္ဆကဆရာတော်များ၊ ကြီးကြပ်ရေးဆရာတော်များ၊ စာထောက်စာမဆရာတော်များ၊ စာပြန်သံဃာနှင့် သဘောရေးဖြေသံဃာတော်များအတွက် အလှူရှင်(၂၄)ဦးက စုစုပေါင်း လှူဒါန်းငွေ(၈၉၄၈၀၀၀ဝိ/-)ကို ပေးအပ်လှူဒါန်းကြရာ ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးအေးထွန်းနှင့် တာဝန်ရှိသူများက လက်ခံပြီးဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။
ဆက်လက်၍ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ အကျိုးတော်ဆောင်၊ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့၊ မင်းကျောင်းပထမပြန်စာသင်တိုက်၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသ အရှင်သူမြတ်ထံမှ ဧည့်ပရိသတ်များက အနုမောဒနာတရား နာယူကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းလောင်းအမျှပေးဝေကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးဦးကိုကိုနှင့် တာဝန်ရှိသူများသည် ရန်ကုန်မြို့၊ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေ၊ မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး၌ (၇၅)ကြိမ်မြောက် စိန်ရတုတိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေးစာမေးပွဲ အာဂုံပြန်ဆိုတော်မူကြသော စာဖြေသံဃာတော်များအား ဖူးမြော်ကြည်ညိုပြီး တိပိဋကဓရတိပိဋကကောဝိဒ ဩဝါဒါစရိယဆရာတော်ကြီးများ၊ ပုစ္ဆကဆရာတော်များ၊ ကြီးကြပ်ရေးဆရာတော်များအား နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းသည်။
ယနေ့ဆွမ်းအလှူရှင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှမိသားစုတို့က (၄)ကြိမ်မြောက် အရုဏ်ဆွမ်း/နေ့ဆွမ်းများကို လှူဒါန်းကြသည်။
ယနေ့ စတင်ကျင်းပသည့် (၇၅)ကြိမ်မြောက် စိန်ရတု တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ် ရေးစာမေးပွဲကြီးကို ၂၀၂၂-ခုနှစ်၊ ဒီဇင်ဘာ(၂၆)ရက်မှ ၂၀၂၃-ခုနှစ်၊ ဇန်နဝါရီ(၂၇)ရက်အထိ (၃၃)ရက်တိုင်တိုင် ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ မဟာပါသာဏ လိုဏ်ဂူသိမ်တော်ကြီး၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး စာဖြေသံဃာ(၄၂၆)ပါး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်