Skip to main content

ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီးမိုးအောင် ရုရှားဒုတိယရေတပ်ဦးစီးချုပ် Vice Admiral Igor MUKHAMETSHIN အား လက်ခံတွေ့ဆုံ

နေပြည်တော် ဒီဇင်ဘာ ၂၅

ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီးမိုးအောင်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သို့ရောက်ရှိနေသော ရုရှားဒုတိယရေတပ်ဦးစီးချုပ် Vice Admiral Igor MUKHAMETSHIN ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် ဧရာဝတီရေတပ်စခန်းဌာနချုပ် အရာရှိရိပ်သာ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံရေတပ်မှစစ်ရေယာဉ်များ အပြန်အလှန် ချစ်ကြည်ရေးခရီးစဉ်များ လေ့လာလည်ပတ်နိုင်မှုနှင့် နှစ်နိုင်ငံရေတပ်များအကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက် ခိုင်မာရေးအတွက် အဆင့်လိုက်ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန် လေ့လာလည်ပတ် နိုင်ရေး၊ မြန်မာ့တပ်မတော်မှ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ သင်တန်းသားများ စေလွှတ်သင်ကြား လျက်ရှိသည့် အခြေအနေများနှင့် နှစ်နိုင်ငံရေတပ်အချင်းချင်း ပူးပေါင်းဆောင်ရွက်ရေးကိစ္စ ရပ်များအား ခင်မင်ရင်းနှီးစွာအမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကာကွယ်ရေးဦးစီးချုပ် (ရေ) နှင့်အတူ တပ်မတော် (ရေ) မှ အရာရှိကြီးများ တက်ရောက်ကြသည်။ တွေ့ဆုံပွဲအပြီးတွင် ကာကွယ်ရေးဦးစီးချုပ်(ရေ)နှင့် ရုရှား ဒုတိယရေတပ်ဦးစီးချုပ်တို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြသည်။

ထို့နောက် ရုရှားဒုတိယရေတပ်ဦးစီးချုပ်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဧရာဝတီ ရေတပ်စခန်းဌာနချုပ် အမှတ်(၄)ရေတပ်ဗောတံတားမှ တပ်မတော်စစ်ရေယာဉ်ဖြင့် ထွက်ခွာခဲ့ကြပြီး ရေတပ်လေ့ကျင့်ရေးဌာနချုပ် အမှတ်(၅)ရေတပ်ဗောတံတားသို့ရောက်ရှိကြရာ ရေတပ်လေ့ကျင့်ရေးဌာနချုပ် ဌာနချုပ်မှူး ဗိုလ်ချုပ်နိုင်မင်းကျော်နှင့် တာဝန်ရှိသူများက ကြိုဆိုခဲ့ကြသည်။ ၎င်းနောက် တပ်မတော်(ရေ)မှ အရာရှိ၊ စစ်သည်များ၏ လေ့ကျင့်ရေးဆိုင်ရာ ဆောင်ရွက်ပေးနေမှုကိစ္စရပ်များအား ရှင်းလင်းတင်ပြခဲ့ကြပြီး Ship Handling Simulator တွင် လေ့ကျင့်နေမှုအားလည်းကောင်း၊ Engine Room Simulator တွင် လေ့ကျင့်နေမှုများအား လည်းကောင်း လှည့်လည်ကြည့်ရှုလေ့လာကြရာ သိရှိလိုသည်များအား တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ကြကြောင်း သတင်းရရှိသည်။