နေပြည်တော် ဒီဇင်ဘာ ၂၄
NUG ၊ CRPH တို့၏ လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားများက ကျောင်းသား၊ ဆရာ၊ မိဘများအား ခြိမ်းခြောက်အကြပ်ကိုင်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ပညာရေးဆိုင်ရာ အဆောက်အဦများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း၊ အထောက်အကူပြုပစ္စည်းများနှင့် ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ကျောင်းသုံးစာအုပ်များအား မီးရှို့ဖျက်ဆီးခြင်း၊ အတင်းအဓမ္မလုယူခြင်း စသည်ဖြင့် နည်းလမ်းမျိုးစုံအသုံးပြုကာ ပညာရေးကဏ္ဍမြင့်မားရေးကို နှောင့်ယှက်ဖျက်ဆီးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၂၃ ရက် မွန်းတည့် ၁၂ နာရီခန့်တွင် မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ဒီးဒုတ်ခင်ကျေးရွာရှိ အခြေခံပညာ အလယ်တန်းကျောင်း(ဒီးဒုတ်ခင်)မှ အလယ်တန်းပြဆရာမ ၁ ဦးနှင့် ခင်းပွန်းဖြစ်သူတို့ ၂ ဦးသည် နေအိမ်၌ရှိနေစဉ် PDF အမည်ခံအကြမ်းဖက်သမားက မော်တော်ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် အကြောင်းမဲ့ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း၊ အကြမ်းဖက်သမားများ၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ဆရာမဖြစ်သူသည် ဖြစ်စဉ်နေရာ၌ပင်သေဆုံးခဲ့ပြီး ခင်ပွန်းဖြစ်သူသည် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် နတ်မောက်မြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ တက်ရောက်ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။
ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။