Skip to main content

(၇၅)နှစ်မြောက် စိန်ရတုတပ်မတော်(ရေ) နှစ်ပတ်လည်နေ့အထိမ်းအမှတ် ဂုဏ်ပြုစစ်ရေးပြအခမ်းအနားနှင့် အန္တရာယ်ကင်းပရိတ်တရားနာယူ ဆွမ်းကပ်လှူဒါန်းခြင်းအခမ်းအနား ကျင်းပပြုလုပ်

နေပြည်တော် ဒီဇင်ဘာ ၂၄

(၇၅)နှစ်မြောက် စိန်ရတုတပ်မတော်(ရေ) နှစ်ပတ်လည်နေ့အထိမ်းအမှတ် ဂုဏ်ပြုစစ်ရေးပြအခမ်းအနားအား ယနေ့နံနက်ပိုင်းတွင် သန်လျင်တပ်နယ်ရှိ ရေတပ်လေ့ကျင့်ရေးဌာနချုပ် စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးဇေယျကျော်ထင်မိုးအောင်နှင့် ဇနီးဒေါ်အေးခိုင်ညွန့်၊ အငြိမ်းစားကာကွယ်ရေးဦးစီးချုပ်(ရေ)များနှင့်ဇနီးများ၊ စစ်ဦးစီးအရာရှိချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီးဇွဲဝင်းမြင့်နှင့်ဇနီး၊ ရေတပ်စခန်းဌာနချုပ်မှူးများနှင့်ဇနီးများ၊ သန်လျင်တပ်နယ်မှအရာရှိကြီးများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ စစ်ရေးပြအခမ်းအနားအား အစီအစဉ်အတိုင်းကျင်းပပြုလုပ်ရာ နိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသောတပ်မတော်သားများအား အလေးပြုခြင်း၊ သစ္စာလေးချက်ရွတ်ဆိုခြင်းများဆောင်ရွက်၍ ကာကွယ်ရေးဦးစီးချုပ်(ရေ)က စစ်ရေးပြတပ်ခွဲများအား စစ်ဆေးသည်။

ထို့နောက် ကာကွယ်ရေးဦးစီးချုပ်(ရေ)က (၇၅)နှစ်မြာက် စိန်ရတုတပ်မတော်(ရေ) နှစ်ပတ်လည်နေ့အထိမ်းအမှတ် မိန့်ခွန်းပြောကြားကာ စစ်ရေးပြတပ်ခွဲများ၏ စစ်ကြောင်းပုံဖြင့်ချီတက်အလေးပြုခြင်းကိုခံယူပြီး စစ်ရေးပြအခမ်းအနားမှ ပြန်လည်ထွက်ခွာသည်။ ဆက်လက်ပြီး ကာကွယ်ရေးဦးစီးချုပ်(ရေ)နှင့် အရာရှိကြီးများသည် အငြိမ်းစားကာကွယ်ရေးဦးစီးချုပ်(ရေ)များ၊ ၎င်းတို့၏ဇနီးများနှင့်အတူ ရေတပ်လေ့ကျင့်ရေးဌာနချုပ်ရှိ သမိုင်းဝင်စစ်ရေယာဉ်(မေယု)ရှေ့၌ အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကြသည်။

ထို့အတူ (၇၅)နှစ်မြောက် စိန်ရတုတပ်မတော်(ရေ) နှစ်ပတ်လည်နေ့အထိမ်းအမှတ် ပရိတ်တရားနာယူခြင်းနှင့် အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားအား သန်လျင်တပ်နယ် မဟာနာဝါနီကဇယမင်္ဂလာဗိမာန်တော်၌ကျင်းပရာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့အကျိုးတော်ဆောင်ချုပ် ပထမကျော်၊ သ-စ-အ ဓမ္မာစရိယ၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ စန္ဒိမာဘိဝံသ(သန်လျင်မြို့) မင်းကျောင်းပထမပြန်စာသင်တိုက် ပဓာနနာယကဆရာတော်နှင့် သန်လျင်မြို့၊ မြို့ဦးစက်ပစ်ကွင်းကျောင်း ပဓာနနာယက၊ ကျိုက်ခေါက်စေတီတော်ဂေါပကအဖွဲ့၏ သြဝါဒစရိယဆရာတော် ဘဒ္ဒန္တတေဇ အမှူးပြုသော သံဃာတော်အရှင်သူမြတ်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးမိုးအောင်နှင့် ဇနီးဒေါ်အေးခိုင်ညွန့်၊ စစ်ဦးစီးအရာရှိချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီးဇွဲဝင်းမြင့်နှင့်ဇနီး၊ ရေတပ်စခန်းဌာနချုပ်မှူးများနှင့်ဇနီးများ၊ သန်လျင်တပ်နယ်မှအရာရှိကြီးများ တက်ရောက်ကြသည်။

အစီအစဉ်အရ ကာကွယ်ရေးဦးစီးချုပ်(ရေ)နှင့်ဇနီး၊ အခမ်းအနားတက်ရောက်လာကြသူများသည် သန်လျင်မြို့၊ မြို့ဦးစက်ပစ်ကွင်းကျောင်း ပဓာနနာယက၊ ကျိုက်ခေါက်စေတီတော်ဂေါပကအဖွဲ့၏ သြဝါဒစရိယဆရာတော် ဘဒ္ဒန္တတေဇထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီးနောက် သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားချီးမြှင့်တော်မူကြသည့် မေတ္တသုတ်ပရိတ်တရားတော်များအား နာယူကြသည်။ ထို့နောက် သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ယင်းနောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့အကျိုးတော်ဆောင်ချုပ် ပထမကျော်၊ သ-စ-အ ဓမ္မာစရိယ၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဒေါက်တာစန္ဒိမာဘိဝံသ (သန်လျင်မြို့)မင်းကျောင်း ပထမပြန်စာသင်တိုက် ပဓာနနာယကဆရာတော်ထံမှ အနုမောဒနာတရားနာယူကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကြကာ သံဃာတော်အရှင်သူမြတ်များအား အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။