Skip to main content

တရားမဝင် သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊ အိမ်သုံးလျှပ်စစ်ပစ္စည်းနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော် ဒီဇင်ဘာ ၂၃

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၂၁ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျစစ်ဆေး‌ရေးအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ လေဆိပ်(ကုန်လှောင်ရုံ)၌ ကုန်သေတ္တာ နှစ်လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာ(ID)တွင် ကြေညာထားသည်နှင့် ကွဲလွဲပါရှိလာသည့် လုပ်ငန်းသုံးပစ္စည်းများ(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၉၇၅၈၉၈)ကိုလည်းကောင်း၊ မြန်မာစက်မှုဆိပ်ကမ်း ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာတစ်လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာ(ID)တွင် ကြေညာထားသည်နှင့်ကိုက်ညီမှုမရှိသည့် ပိတ်ဖြတ်စ(၁၆၃၉၀၀)မီတာ (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၇၀၁၄၀၀၀၀)ကိုလည်းကောင်း၊ အေးရှားဝေါလ်ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာတစ်လုံး အတွင်းမှ သွင်းကုန်လိုင်စင်တင်ပြနိုင်ခြင်းမရှိသော ပြန်လည်ပြုပြင်ထားသည့် Mini Computer ၁၀ စုံ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၁၀၀၀၀၀)ကိုလည်းကောင်း၊ မြဝတီ-ဘားအံ-ရန်ကုန်ကုန်သွယ်မှုလမ်းမကြီး၊ ဘုရားကြီးမြို့နယ်၊ ရန်ကုန်-မန္တလေးလမ်း‌ဟောင်း၊ မဏိရတနာကျော်ဆီဆိုင်အနီး၌ မော်တော်ယာဉ်တစ်စီးပေါ်မှ သွင်းကုန်ကြေညာလွှာ(ID)တွင် ကြေညာထားခြင်းမရှိသည့် အိမ်သုံးလျှပ်စစ်ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၂၇၂၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် မော်တော်ယာဉ်တစ်စီးနှင့် နောက်တွဲယာဉ်တစ်တွဲ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၀၀၀၀၀၀၀)ကိုလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၈၅၀၄၈၇၈၉၈ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အ‌ရေးယူဆောင်ရွက်လျက်ရှိသည်။

အလားတူ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ ဦးဆောင်သောပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်‌ဆေးမှုများဆောင်ရွက်ခဲ့ရာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ခရီးသည်ဝန်စည်များနှင့်အတူ ရောနှောသယ်ဆာင်လာသော တရားဝင်တင်သွင်းခွင့် စာရွက်စာတမ်းအထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် အိန္ဒိယအမျိုးသမီးဝတ်စုံ ၂၆ စုံအပါအ၀င် ကုန်ပစ္စည်းနှစ်မျိုး(ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀၀၀၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ကရင်ပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ကော့ကရိတ်(တံတားကျိုး) စုပေါင်းစစ်‌ဆေးရေးစခန်း၌ တာဝန်ကျပူးပေါင်းအဖွဲ့ကစစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မြဝတီမြို့မှရန်ကုန်မြို့သို့ ‌ မောင်းနှင်လာသော မော်တော်ယာဉ်တစ်စီးပေါ်၌ သွင်းကုန်ကြေညာလွှာ(ID)တွင် ကြေညာထားခြင်းမရှိသည့် လျှပ်စစ်ထမင်းပေါင်းအိုးအလုံး ၄၀ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၀၀၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ယင်းအပြင် ရှမ်းပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်‌ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာချီလိတ်မြို့နယ် မယ်ယန်းပူးပေါင်းစစ်ဆေးရေးဂိတ်၌ တာဝန်ကျစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ တာချီလိတ်မြို့မှ ကျိုင်းတုံမြို့သို့ သွားရောက်မည့် မော်တော်ယာဉ်တစ်စီးပေါ်၌ တရားဝင်စာရွက်စာတမ်း အထောက်အထားတစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် လျှပ်စစ်ရေနွေးအိုး အလုံး ၆၀ အပါအဝင် ကုန်ပစ္စည်းနှစ်မျိုး(ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၇၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ဒီဇင်ဘာ ၂၂ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ တောင်ငူခရိုင်၊ ညောင်လေးပင်ခရိုင်နှင့် ပြည်ခရိုင်များအတွင်း တရားမဝင်သစ်မျိုးစုံ (၅ ဒသမ ၈၂၆၂ )တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၆၇၇၆၂)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေ နှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ ဒီဇင်ဘာ ၂၁ ရက်နှင့် ၂၂ ရက်တို့တွင် ဖမ်းဆီးရမိမှုစုစုပေါင်းမှာ အမှုတွဲ ၁၃ မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၆၃၆၂၅၆၆၀)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်