အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၌ ၂၁-၁၂-၂၀၂၂ ရက်တွင်ကျင်းပခဲ့သည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေး၌ မြန်မာနိုင်ငံဆိုင်ရာလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အဆိုတစ်ရပ်ကို မဲခွဲချမှတ်ခဲ့ကြောင်း သိရှိရသည်။ ကုလသမဂ္ဂပဋိညာဉ်စာတမ်းတွင် နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေးထိန်းသိမ်းရေးကို အဓိကတာဝန်ယူဆောင်ရွက်ရန် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများက လုံခြုံရေးကောင်စီသို့ တာဝန်အပ်နှင်းထားသည်။ မြန်မာနိုင်ငံ၏အခြေအနေသည် နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေးအပေါ်ထိခိုက်သက်ရောက်မှုမရှိဘဲ ပြည်တွင်းရေးသာဖြစ်သည်။ သို့ဖြစ်ရာ လုံခြုံရေးကောင်စီက ယခုကဲ့သို့ဆုံးဖြတ်ချက်အဆိုကို အတည်ပြုချမှတ်ခဲ့ခြင်းမှာ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းနှင့် ညီညွတ်ခြင်းမရှိကြောင်း အလေးထားဖော်ပြအပ်သည်။
ဖော်ပြပါ ဆုံးဖြတ်ချက်အဆိုကို ဗြိတိန်နိုင်ငံက ဦးဆောင်တင်သွင်းခဲ့ခြင်းဖြစ်ပြီး၊ ကုလသမဂ္ဂ၏ အခြေခံမူနှင့်ရည်ရွယ်ချက်များနှင့် ဆန့်ကျင်လျက် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်သောအချက်များစွာပါဝင်ကြောင်း တွေ့ရှိသည်။ ထို့အပြင် ဆုံးဖြတ်ချက်အဆိုတွင် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များကိုလည်းထည့်သွင်းဖော်ပြထားရာ၊ အထွေထွေညီလာခံ တတိယကော်မတီတွင်လည်းကောင်း၊ လူ့အခွင့်အရေးကောင်စီတွင်လည်းကောင်း အကြိမ်ကြိမ်ဆွေးနွေးပြီးသော ကိစ္စရပ်များဖြစ်သဖြင့် လုံခြုံရေးကောင်စီ၏ လုပ်ပိုင်ခွင့်အတွင်းကျရောက်ခြင်းမရှိသော ကိစ္စရပ်များဖြစ်ကြောင်းလည်း တွေ့ရှိရသည်။
ဆုံးဖြတ်ချက်အဆိုတွင် အကြမ်းဖက်မှုများရပ်တန့်ရန် တောင်းဆိုထားကြောင်း တွေ့ရှိရသည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် တည်ဆဲဥပဒေများနှင့်အညီ ထိန်းသိမ်းဆောင်ရွက်လျက်ရှိပြီး အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်လျက်ရှိသော၊ တရားမဝင်အဖွဲ့အစည်းများအဖြစ် ကြေညာထားခြင်းခံရသည့် NUG နှင့် PDF တို့၏ လုပ်ရပ်များကိုသာ ရှုတ်ချတားဆီးရန်လိုအပ်သည်။
မြန်မာနိုင်ငံသည် ၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲ၌ မဲမသမာမှုဖြစ်စဉ်များကြောင့် အရေးပေါ်အခြေအနေကြေညာခဲ့ရပြီး၊ အရေးပေါ်ကာလဆိုင်ရာပြဌာန်းချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် ၂ဝဝ၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါအချက်များနှင့်အညီလွတ်လပ်၍ တရားမျှတသောပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပလျက်အနိုင်ရသည့် ပါတီအားနိုင်ငံတော်တာဝန်လွှဲအပ်ပေးရေးအပါအဝင် ရှေ့လုပ်ငန်းစဉ်(၅)ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ သို့ဖြစ်ရာ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် မြန်မာအစိုးရ၏ ဒီမိုကရေစီပြန်လည်ဖော်ဆောင်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်ချက်များကို အားပေးထောက်ခံရန်လိုအပ်သည်။
အာဆီယံတူညီဆန္ဒ (၅)ချက်အကောင်အထည်ဖော်မှုကို ပူးပေါင်းဆောင်ရွက်ရာတွင် မြန်မာနိုင်ငံ၏ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရန်၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးကို လေးစားရန်နှင့် အာဆီယံပဋိညာဉ်စာတမ်းပါအချက်များအပေါ် အခြေခံလျက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။ အာဆီယံ၏အစီအစဉ်အရပေးအပ်မည့် လူသားချင်းစာနာထောက်ထားမှု အကူအညီများကိုလည်း ခွဲခြားမှုမရှိဘဲ အကူအညီလိုအပ်သူများထံပေးအပ်နိုင်ရေးအတွက် အထက်ပါရပ်တည်ချက်အတိုင်း ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်နှင့်ထိတွေ့ဆက်ဆံရာတွင်လည်း မြန်မာနိုင်ငံ၏အခြေခံရပ်တည်ချက်များဖြစ်သည့် ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရန် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးကို လေးစားရန်မူများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ရောက်ရှိနေသော နေရပ်စွန့်ခွာသူများပြန်လည်လက်ခံရေးနှင့်ပတ်သက်၍ နှစ်နိုင်ငံအကြား သဘောတူညီချက်များနှင့်အညီ စိစစ်လက်ခံရေးကို ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။
မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံဖြင့် ဖွဲ့စည်းတည်ထောင်ထားသောနိုင်ငံဖြစ်သည်။ မြန်မာ့အရေးစဉ်းစားရာတွင် သမိုင်းကြောင်းနှင့် အမျိုးသားစရိုက်လက္ခဏာများကိုလည်းကောင်း၊ ကိုလိုနီစနစ်၏ သွေးခွဲအုပ်ချုပ်မှုကြောင့်ဖြစ်ပေါ်ရသည့် စိတ်ဝမ်းကွဲပြားမှုများကိုလည်းကောင်း ထည့်သွင်းစဉ်းစားရန်လိုအပ်သည်။ ယင်းသို့သောနက်နဲကျယ်ပြန့်သည့်ကိစ္စရပ်များကို မြန်မာနိုင်ငံကသာအသိရှိဆုံးဖြစ်ပြီး ဖြေရှင်းနိုင်စွမ်းရှိသည်။
နိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံ နောက်ခံသမိုင်းကြောင်းမှာ တူညီမှုမရှိခြင်းကြောင့် ပြည်ပနိုင်ငံများ၏ စွက်ဖက်မှုများနှင့်ဖိအားများဖြင့် ကြားဝင်ဆောင်ရွက်မှုများသည် နိုင်ငံအများအပြား၌ အောင်မြင်မှုမရရှိကြောင်း တွေ့ရှိရသည်။ နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး၊ ပြည်ထောင်စုနှင့်တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးတို့အတွက် ပြည်သူလူထု၏အကျိုး စီးပွားကိုရှေ့ရှုလျက် နိုင်ငံတော်လုံခြုံတည်ငြိမ်၊ ဖွံ့ဖြိုးရေးအတွက်ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ယင်းသို့ဆောင်ရွက်ရာတွင် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် အားပေးထောက်ခံရမည့်အစား၊ ပြည်တွင်းတည်ငြိမ်မှုကို ထိခိုက်ပျက်ပြားစေမည့်ဖိအားပေးမှုများသည် မည်သို့မျှအထောက်အကူမပြုကြောင်းနှင့် ယင်းသို့သောဆောင်ရွက်ချက်များကို မြန်မာနိုင်ငံကလက်ခံမည်မဟုတ်ကြောင်း ဖော်ပြအပ်သည်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်ပါအချက်များသည် မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းရေးအတွက် အပြုသဘောအကျိုးဖြစ်ထွန်းမှုမရှိစေဘဲ၊ နိုင်ငံရေးသွတ်သွင်းရန်ရည်ရွယ်ထားသည့်အချက်များကိုသာ ဦးစားပေးထားကြောင်း တွေ့ရှိရသည်။ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံ့အရေးဆောင်ရွက်ရာတွင် ၂ဝဝ၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တည်ဆဲဥပဒေများ၊ မြန်မာနိုင်ငံ၏ အခြေခံမူဝါဒ ရပ်တည်ချက်များနှင့်အညီသာ ရပ်တည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြအပ်သည်။
နိုင်ငံခြားရေးဝန်ကြီးဌာန
၂ဝ၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်။