နေပြည်တော် ဒီဇင်ဘာ ၂၃
၂၀၂၃ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နိုင်ငံကျော်အဆိုတော် မြန်မာပြည်သိန်းတန်၏ ကြယ်ကလေးများ၏ အနာဂတ်တစ်ကိုယ်တော်သီဆိုဖျော်ဖြေပွဲကို ယနေ့ညပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် သဘင်ဆောင်အတွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းတက်ရောက်ကြည့်ရှုအားပေးသည်။
အဆိုပါ သီဆိုဖျော်ဖြေပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ်(ကြည်း)၏ ဇနီးဒေါ်သန်းသန်းနွယ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မှ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ရုံး/ဌာနအသီးသီးမှ အရာရှိ၊ စစ်သည်များနှင့် မိသားစုဝင်များ တက်ရောက်ကြည့်ရှုအားပေးကြသည်။
ဦးစွာ မြန်မာပြည်သိန်းတန်နှင့်အဖွဲ့က ရတနာပုံ၊ အောင်စေ-တည်စေ-ညီစေ၊ ယောသူတို့ရွာ၊ မဗေဒါ၊ စနေထောင့်မှာပန်းလှုမယ်၊ မြစ်စုံသို့လွမ်းစိတ်မပြေ၊ ရွှေသုန္ဒရီ၊ သောကတောင်တန်း၊ ချစ်သူချင်းမို့သိနားလည်၊ ကောင်းသောညစသည့် တေးသီချင်းများဖြင့်သီဆို၍ တေးသရုပ်ဖော်များဖြင့်ဖျော်ဖြေတင်ဆက်ကြရာ တက်ရောက်လာကြသူများက ပျော်ရွှင်ကြည်နူးစွာ ကြည့်ရှုအားပေးကြသည်။
သီဆိုဖျော်ဖြေပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် ဇနီးတို့က မြန်မာပြည်သိန်းတန်နှင့်အဖွဲ့အားဂုဏ်ပြုပန်းခြင်းနှင့် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများကလှူဒါန်းသည့် အလှူငွေကျပ်သိန်း(၃၀၀)ကိုပေးအပ်ပြီး ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြသည်။
ယခု သီဆိုဖျော်ဖြေတင်ဆက်မှုသည် မြန်မာနိုင်ငံအနှံ့အပြားရှိ မိဘမဲ့ကလေးများ(ရင်ခွင်မဲ့ကလေးများ)အား ထောက်ပံ့ကူညီဆောင်ရွက်နိုင်ရေးအတွက် တေးသံရှင် မြန်မာပြည်သိန်းတန်နှင့်အဖွဲ့က သီဆိုဖျော်ဖြေတင်ဆက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။