Skip to main content

ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (တက္ကသိုလ်များရန်ကုန်)၏ (၈၅)ကြိမ်မြောက် ကရင်အမျိုးသား နှစ်သစ်ကူးနေ့အထိမ်းအမှတ် မိတ်ဆုံပွဲကျင်းပ

ရန်ကုန် ဒီဇင်ဘာ ၂၂

ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (တက္ကသိုလ်များရန်ကုန်)၏ (၈၅) ကြိမ်မြောက် ကရင်အမျိုးသား နှစ်သစ်ကူးနေ့အထိမ်းအမှတ် မိတ်ဆုံပွဲအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်တက္ကသိုလ် Recreation Center(RC) ခန်းမဆောင်၌ကျင်းပ ရာ တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ ဒုတိယဝန်ကြီးဦးဇော်အေးမောင်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ တက္ကသိုလ်များမှ ဆရာ ဆရာမများ၊ ကရင်မောင်မယ် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ ပဲခူးရိုးမတောင်ပေါ် ကရင်ရိုးရာ အိုးစည်အကဖြင့် အခမ်းအနားကို ဖွင့်လှစ်သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက မိမိတို့နိုင်ငံတွင် တိုင်းရင်းသားလူမျိုးပေါင်း ၁၃၀ ကျော် စုပေါင်းနေထိုင်ကြသည့် ပြည်ထောင်စုနိုင်ငံတော်ကြီး ဖြစ်ပါကြောင်း၊ ကရင်လူမျိုးများအနေဖြင့် ဘာသာကွဲပြားပါစေ၊ မျိုးနွယ်စုများမခွဲခြားဘဲအဓိက မိမိတို့လူမျိုး၏ အကျိုးစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ပညာရေးနှင့်ပတ်သက်ပြီး သားသမီးများကို ပညာအမွေပေးရန်လိုပါကြောင်း၊ စာပေပျောက်လျှင် လူမျိုးပါပျောက်မည်ဖြစ်ပါကြောင်း၊ မိမိတို့ကရင်လူမျိုးနှင့် ကျန်တိုင်းရင်းသားမျိုးနွယ်စုများပါ ကမ္ဘာတည်သရွေ့ တည်ရှိနိုင်ရေးမှာ မွေးရာပါသမိုင်းပေးတာဝန် ပင်ဖြစ်သည်ကို မမေ့ကြရန်လိုပါကြောင်း၊ မိမိတို့လူမျိုး စည်းလုံးမှုမှသည် တိုင်းရင်းသားမျိုးနွယ်စုများအားလုံး စည်းလုံးညီညွတ်မှုရအောင် တိုင်းရင်းသားများအားလုံး ဝိုင်းဝန်းဖော်ဆောင်ပြီး ငြိမ်းချမ်း၍ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးအဖြစ် ဝိုင်းဝန်းဆောင်ရွက်ကြရ မည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးက အမှာစကား ပြောကြားသည်။

ဆက်လက်၍ ပဲခူးရိုးမတောင်ပေါ်ကရင် စောကီးဒိုက ကရင်ရိုးရာစောင်းဖြင့် တီးခတ်ဖျော်ဖြေပြီး ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်၊ ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (တက္ကသိုလ် များရန်ကုန်)၏ နာယကဆရာမကြီး နန့်ခင်အေးဦးနှင့်သမိုင်း ဌာနပါမောက္ခ ဒေါက်တာနန်းလှိုင်တို့က မိတ်ဆုံပွဲအမှတ်တရစကားများ ပြောကြားကြသည်။

ယင်းနောက် ပညာရေးတက္ကသိုလ်ကျောင်းသား ကျောင်းသူများက “အော်ဟူအော်ဟှောင်” ကရင်သီချင်းဖြင့် သီဆိုဖျော်ဖြေကာ ပညာရေးတက္ကသိုလ် နောက်ဆုံးနှစ်ကျောင်းသား “စစည်သူဟိန်း” က ကျေးဇူးတင် စကားပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီ (တက္ကသိုလ်များ ရန်ကုန်)သို့ ထောက်ပံ့ငွေများပေးအပ်ပြီး ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများ ကတက္ကသိုလ်များမှ ဆရာ ဆရာမများ၊ ကရင်မောင်မယ်တက္ကသိုလ် ကျောင်းသား ကျောင်းသူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သိရသည်။     

သတင်းစဉ်