Skip to main content

ပြည်ထောင်စုအတွက် ထာဝရငြိမ်းချမ်းရေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် တိုင်းရင်းသားပြည်သူများ၏ ဆန္ဒနှင့်အညီ စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးအတွက် နိုင်ငံရေးလုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်လျက်ရှိသည်။ တိုင်းရင်းသား ပြည်သူများ၏ဆန္ဒကို အကောင်အထည်ဖော်နိုင်ရန်အတွက် ထာဝရငြိမ်းချမ်းရေးကို မဖြစ်မနေရရှိအောင် ကြိုးပမ်းဆောင်ရွက်ရမည့်အချိန်အခါဖြစ်သည်။

နိုင်ငံတော်၏ နိုင်ငံရေးဦးတည်ချက်တွင်ပါရှိသည့် “တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေး ရရှိရေးအတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)ပါအတိုင်း အလေးထားလုပ်ဆောင်ရေး” ကို အကောင်အထည်ဖော် လျက်ရှိသည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ လက်တွေ့ကျကျ တိုးတက်လာနိုင်စေရေးကို နိုင်ငံတော်အကြီးအကဲကိုယ်တိုင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများနှင့်တွေ့ဆုံကာ ပြည်ထောင်စုစိတ်ဓာတ်ကိုအခြေခံပြီး တိုင်းရင်းသားဒေသများနှင့် ပြည်ထောင်စုကြီးအကျိုးကို ဦးတည်၍ ပကတိလိုအပ်ချက်များကို ညှိနှိုင်း ဆွေးနွေးလျက်ရှိရာ ရလဒ်ကောင်းများ ပေါ်ထွက်နေပြီဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်ထံမှ ကရင်အမျိုးသားနှစ်သစ်ကူးနေ့သို့ပေးပို့သည့်သဝဏ်လွှာတွင် “လာမည့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် လွတ်လပ်ရေးနေ့သည် မိမိတို့နိုင်ငံ၏ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ဖြစ်ပါသည်။ လွတ်လပ်ရေးရပြီး မကြာခင်မှာပင် ပေါ်ပေါက်လာခဲ့သည့် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများသည်လည်း ဆယ်စုနှစ်များစွာ ကြာခဲ့ပြီဖြစ်ရာ ထိုသို့မပြီးနိုင်၊ မစီးနိုင်၊ အဖြေမထွက်နိုင်သည့် လက်နက်ကိုင်သံသရာမှ ရုန်းထွက်ရန် အချိန်ကျပြီဖြစ်ကြောင်း” တိုက်တွန်းပြောကြားထားသည်။

တိုင်းရင်းသားပြည်သူအားလုံး လိုလားတောင့်တသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုကြီး တည်ဆောက်နိုင်ရေးအတွက် တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရန်မှာ အဓိကလိုအပ်ချက်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူအားလုံးတို့၏ အကျိုးစီးပွားအတွက် နှစ်ပေါင်းများစွာ အဖြေမထွက်သည့် လက်နက်ကိုင်လမ်းစဉ်နှင့် လက်နက်ကိုင် ပဋိပက္ခများကိုစွန့်ခွာ၍ နိုင်ငံတော်အစိုးရက လမ်းဖွင့်ပေးထားသော နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုများမှတစ်ဆင့် နိုင်ငံရေးလမ်းကြောင်းအမှန်ဖြစ်သည့် ဒီမိုကရေစီနိုင်ငံရေးစနစ်တွင် အတူပါဝင်ပြီးမိမိတို့အကျိုး၊ ပြည်ထောင်စုအကျိုးကို ရယူဆောင်ကြဉ်းနိုင်ရန် ကြိုးစားအားထုတ်ရန် အချိန်အခါဖြစ်သည်။

မျက်မှောက်ကာလတွင် နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေသော ဆူပူအကြမ်းဖက်မှုများကို တရားဥပဒေနှင့်အညီ ညင်သာစွာ ထိန်းသိမ်းဆောင်ရွက်လျက်ရှိပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့်လည်း NCA လမ်းကြောင်းအတိုင်း လျှောက်လှမ်းနိုင်ရန် ဆွေးနွေးညှိနှိုင်းလျက်ရှိရာ တိုးတက်မှုများရရှိနေပြီဖြစ်သည်။ နိုင်ငံရေး၊ တိုင်းရင်းသားရေးများကြောင့် လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားခဲ့သဖြင့် တည်ငြိမ်အေးချမ်းမှုပျက်ပြားပြီး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှု အဟန့်အတားများကိုကျော်လွှားနိုင်ရန် ကြိုးစားဆောင်ရွက်လျက်ရှိသည်။ ငြိမ်းချမ်းမှုမရှိသော ဒေသများတွင် ဖွံ့ဖြိုးတိုးတက်မှုသည် အလှမ်းဝေးနေမည်ဖြစ်သကဲ့သို့ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝများ နိမ့်ကျနေမည်ဖြစ်သည်။

ထို့ကြောင့် အဓိကလိုအပ်ချက်မှာ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးဖြစ်ပြီး တစ်နိုင်ငံလုံးတည်ငြိမ်အေးချမ်းမှုရရှိရန်အတွက် ထာဝရငြိမ်းချမ်းရေးကို ရရှိအောင် ကြိုးစားရမည်ဖြစ်သည်။ ယနေ့အခြေအနေကောင်းများရှိနေချိန်တွင် ငြိမ်းချမ်းရေးရရှိအောင် မကြိုးစားပါက နောင်ဆယ်စုနှစ်ပေါင်းများစွာ မိမိတို့ဒေသများ မငြိမ်းချမ်းဘဲ အဆိုးသံသရာတွင် ဝဲလည်နေမည်ဖြစ်သည်။ မိမိတို့၏ နိုင်ငံရေး ရည်မှန်းချက်၊ တိုင်းရင်းသားရေးရည်မှန်းချက်ကို မျိုးဆက်တစ်ခုအတွင်း အောင်မြင် အောင်ဆောင်ရွက်နိုင်ပါမှ မိမိတို့သမိုင်းကို မှတ်ကျောက်တင်၍ ဂုဏ်ယူနိုင်မည်ဖြစ်သည်။ ရည်မှန်းချက်ကို မိမိတို့လက်ထက်တွင် အောင်မြင်အောင်မဆောင်ရွက်ခဲ့ဘဲ နောင်မျိုးဆက်အတွက် ဆိုးမွေများထားရှိခဲ့မည်ဆိုပါက မိမိတို့သမိုင်းကို အကျည်းတန် အရုပ်ဆိုးအောင် ပြုလုပ်သကဲ့သို့ ဖြစ်နေပေလိမ့်မည်။

သို့ဖြစ်ရာ ထာဝရငြိမ်းချမ်းရေးရရှိအောင် မှန်ကန်သည့်ယုံကြည်ချက်နှင့် ဖြောင့်မတ်သည့် လုပ်ဆောင်မှုများဖြင့် ပြည်ထောင်စုကြီးနှင့်မိမိတို့တိုင်းရင်းသားများအရေးကို တန်ဖိုးထား၍ လုပ်ဆောင်ကြရမည်ဖြစ်သည်။ နိုင်ငံအေးချမ်းသာယာရေးအတွက် ထာဝရငြိမ်းချမ်းရေးကို နိုင်ငံတော်အစိုးရနှင့်အတူ တိုင်းရင်းသား အဖွဲ့အစည်းများနှင့် တိုင်းရင်းသားပြည်သူအားလုံး ပူးပေါင်းလက်တွဲကာ ပြည်သူအားလုံး၏ဆန္ဒများ အကောင်အထည်ပေါ်လာအောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။      ။