နေပြည်တော် ဒီဇင်ဘာ ၂၂
နိုင်ငံတော်အတွင်း တရားဥပဒေစိုးမိုးရေး၊ နယ်မြေတည်ငြိမ်အေးချမ်းရေးတို့ကို ပျက်ပြားစေရန်ရည်ရွယ်၍ NUG၊ CRPH တို့၏ လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားများက လုံခြုံရေးတပ်ဖွဲ့ဝင်များအား ချောင်းမြောင်းတိုက်ခိုက်ခြင်း၊ ရဟန်းသံဃာများ၊ အစိုးရဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား ခြိမ်းခြောက်အကြပ်ကိုင်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ အများပြည်သူအသုံးပြု သွားလာလျက်ရှိသည့် လမ်းတံတားများနှင့်ယာဉ်များ၊ အဆောက်အဦများကို မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များအား လိုင်စင်မဲ့ယာဉ်များ အသုံးပြု၍ လုပ်ဆောင်လျက်ရှိသည်။
ထိုသို့လုပ်ဆောင်လျက်ရှိရာ မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များသည် အကြမ်းဖက်မှုကိုမလိုလားသည့် ဒေသခံပြည်သူများ၏ သတင်းပေးပို့ချက်အရ ကြန့်ဆိပ်ကျေးရွာ၏ မြောက်ဘက် မီတာ ၃၀၀ ခန့်အကွာ၌ စောင့်ဆိုင်းနေစဉ် ယနေ့နံနက် ၁၁ နာရီ ၅၀ မိနစ်ခန့်တွင် တောင်ကြားကျေးရွာဘက်မှ ကြန့်ဆိပ်ကျေးရွာဘက်သို့ မောင်းနှင်လာသည့် Mishubishi အမျိုးအစား လိုင်စင်မဲ့မော်တော်ယာဉ်ပေါ်၌ လက်နက်များ ကိုင်ဆောင်ထားသည့် PDF အမည်ခံအကြမ်းဖက်သမားများအား တွေ့ရှိရသဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရာ အကြမ်းဖက်သမားအမျိုးသား ၃ ဦးအား ၁၂ ဗို့သေနတ် ၁ လက်၊ ၎င်းကျည် ၁၄ တောင့်၊ လက်လုပ်သေနတ် ၁ လက်၊ လက်လုပ်မိုင်း ၄ လုံး၊ လိုင်စင်မဲ့မော်တော်ယာဉ် ၁ စီးတို့နှင့်အတူ အသေပစ်ခတ် ဖမ်းဆီးရမိခဲ့သည်။
အကြမ်းဖက် လုပ်ရပ်များကိုကျူးလွန်လျက်ရှိသည့် NUG၊ CRPH တို့၏ လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားများ၏ အကြမ်းဖက် လုပ်ရပ်များကို ဒေသခံပြည်သူများက ရွံရှာမုန်းတီးလျက်ရှိကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအတွက် လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ အကြမ်းဖက်သမားများ၏ လှုပ်ရှားမှုသတင်းများရရှိပါက နီးစပ်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လျှို့ဝှက်စွာသတင်းပေးပို့နိုင်ရန်နှင့် ရပ်ရွာတည်ငြိမ် အေးချမ်းရေးအတွက် ပြည်သူတစ်ရပ်လုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးနိုင်ပါရန် တိုက်တွန်းထားကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။