Skip to main content

၂၀၁၉ ခုနှစ်နှင့် ၂၀၂၁ ခုနှစ်တို့အတွက် အကောင်းဆုံး အမျိုးသား၊ အမျိုးသမီး အားကစားသမားဆုရရှိသူများအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၂၁

အားကစားသည် နိုင်ငံတစ်နိုင်ငံ၏ ဂုဏ်သိက္ခာ၊ တစ်မျိုးသားလုံး၏ ကျန်းမာကြံ့ခိုင်မှုနှင့်စိတ်ဓာတ် ခိုင်မာမှုများကို ပြသခြင်းဖြစ်ပြီး ထူးချွန်ထက်မြက်သည့် အားကစားသမားကောင်းများစွာ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ မြန်မာနိုင်ငံအိုလံပစ်ကော်မတီနှင့် မြန်မာနိုင်ငံ အားကစားမီဒီယာများအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသော ၂၀၁၉ ခုနှစ်နှင့် ၂၀၂၁ ခုနှစ်တို့ အတွက် အကောင်းဆုံး အမျိုးသား၊ အမျိုးသမီးအားကစားသမားဆုရရှိသူများအား ဂုဏ်ပြုချီးမြှင့် ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်းရှိ Multipurpose Hall ၌ ကျင်းပသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံက (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၊ အခြားနိုင်ငံတကာအားကစားပြိုင်ပွဲများနှင့် (၁၁)ကြိမ် မြောက် အာဆီယံ မသန်စွမ်းသူများ အားကစားပြိုင်ပွဲများတွင် နိုင်ငံတော်အတွက် ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်များကို ဆွတ်ခူးပေးခဲ့သည့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများနှင့် အားကစားနည်းအလိုက် အုပ်ချုပ်သူ၊ နည်းပြများကို နိုင်ငံတော်က ထိုက်ထိုက် တန်တန် ဂုဏ်ပြုဆုချီးမြှင့်ခဲ့ပြီး ဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ် မေလတွင် ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၃၂)ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲတွင် ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်များကို ရရှိအောင် စွမ်းဆောင်ပေးနိုင်မည့် အားကစား သမားများကိုလည်း ထိုက်ထိုက်တန်တန် ဂုဏ်ပြုဆုများ ချီးမြှင့်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း။

၁၉၉၄ ခုနှစ်မှစ၍ တစ်နှစ်တာ အကောင်းဆုံး အားကစားသမားဆုများပေးအပ်ခဲ့သည်ကို တွေ့ရှိရပြီး ၁၉၉၅ ခုနှစ်နောက်ပိုင်းတွင် ရပ်တန့်သွားခဲ့ပါကြောင်း၊ ၂၀၀၃ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ မြန်မာနိုင်ငံ အားကစားကလောင်ရှင်များအဖွဲ့ချုပ်က ပြန်လည် ပေးအပ်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ ၂၀၁၇ ခုနှစ်၊ ၂၀၁၈ ခုနှစ်၊ ၂၀၁၉ ခုနှစ်နှင့် ၂၀၂၁ ခုနှစ်တို့အတွက် တစ်နှစ်တာအကောင်းဆုံး အားကစားသမားဆုများကို မြန်မာနိုင်ငံအားကစားမီဒီယာများအဖွဲ့ချုပ်က ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း၊ မြန်မာ့အားကစားလောက ပိုမိုအောင်မြင်တိုးတက်စေရေးအတွက် မီဒီယာပိုင်းအနေဖြင့် ဆက်လက်ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားသည်။ ထို့နောက် မြန်မာနိုင်ငံအားကစားမီဒီယာများ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဉာဏ်ထွန်းက ၂၀၁၉ ခုနှစ်နှင့် ၂၀၂၁ ခုနှစ်တို့အတွက် အကောင်းဆုံးအားကစား သမားဆုများကို ရွေးချယ်ခဲ့မှု၊ မြန်မာနိုင်ငံ အားကစား မီဒီယာများအဖွဲ့ချုပ်၏ လုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ၂၀၁၉ ခုနှစ်နှင့် ၂၀၂၁ ခုနှစ် အရှေ့တောင်အာရှအားကစားပြိုင်ပွဲများတွင် အကောင်းဆုံး အားကစားသမားဆုရရှိခဲ့သူများ၏ ပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်ခဲ့မှုနှင့် အောင်မြင်မှုဆုတံဆိပ်ရရှိအောင် စွမ်းဆောင်ခဲ့မှု ပုံရိပ်မှတ်တမ်း Video Clips များကို ပြသသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ၂၀၁၉ ခုနှစ်နှင့် ၂၀၂၁ ခုနှစ်တို့အတွက် အကောင်းဆုံး အားကစားသမားဆုရရှိခဲ့ကြသည့် ဘိလိယက်နှင့် စနူကာအားကစားနည်းမှ မောင်မောင်(ခေါ်) ဘုန်းမြင့်ကျော်နှင့် ဦးပေါက်စ၊ အားနစ်အားကစားနည်းမှ မအိန္ဒြေဖူး၊ ဗိုဗီနမ်အားကစားနည်းမှ မခိုင်ဝါဖူးနှင့် မမေဟန်နီအောင်လွင်တို့ကို ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေ ငွေကျပ်သိန်း ၂၀ စီကိုပေးအပ်ချီးမြှင့်ပြီး ဒုတိယဝန်ကြီး ဦးမျိုးလှိုင်က ၂၀၁၉ ခုနှစ်နှင့် ၂၀၂၁ ခုနှစ်တို့အတွက် ဆုတံဆိပ်များရရှိအောင် အကောင်းဆုံးစွမ်းဆောင်ပေးခဲ့သော မြန်မာနိုင်ငံဘိလိယက်နှင့် စနူကာအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်တို့မှ တာဝန်ရှိသူများကို လည်းကောင်း၊ ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်းက ၂၀၁၉ ခုနှစ်နှင့် ၂၀၂၁ ခုနှစ်တို့အတွက် ဆုတံဆိပ်များ ရရှိအောင် အကောင်းဆုံးစွမ်းဆောင်ပေးခဲ့သော အုပ်ချုပ်သူနှင့်နည်းပြများကိုလည်းကောင်း ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ကြသည်။ ထို့နောက် ဆုရရှိသူများကိုယ်စား မြန်မာနိုင်ငံ ဘိလိယက်နှင့်စနူကာအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာမင်းနိုင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

အဆိုပါ ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံအားကစားမီဒီယာများ အဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ဆုရအားကစား သမားများ၊ အုပ်ချုပ်သူ၊ နည်းပြများ၊ မြန်မာနိုင်ငံ ဘိလိယက်နှင့်စနူကာ အဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ သိုင်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

သတင်းစဉ်