နေပြည်တော် ဒီဇင်ဘာ ၂၀
ပြည်တွင်း နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၃/၂၀၂၂) ကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ နယ်စပ်ရေးရာဝန်ကြီးဌာန စုပေါင်း အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံ ရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီဥက္ကဋ္ဌ နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ကော်မတီဝင်များဖြစ်ကြသည့် ဒုတိယဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ပြည်နယ်အဆင့် ကော်မတီဝင်များက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာ စခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီဥက္ကဋ္ဌက အမျိုးသားအဆင့်ကော်မတီ အနေဖြင့် ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေး လုပ်ငန်းစဉ်များနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးလုပ်ငန်းစဉ်များကို ဝန်ကြီးဌာနအဆင့် လုပ်ငန်း ကော်မတီ ၅ ရပ်အပြင် ပြည်နယ်အဆင့် ကော်မတီများဖွဲ့စည်း၍ ထိရောက်မြန်ဆန်စွာ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း။
ရန်ပုံငွေထည့်သွင်းလျာထား
IDP စခန်းများအား စိစစ်လေ့လာသုံးသပ်၍ အကြံပြုချက်များ ဖော်ထုတ်တင်ပြရေးအဖွဲ့ကို လည်းဖွဲ့စည်း၍ ကွင်းဆင်းဆောင်ရွက်ထားပြီးဖြစ်သဖြင့် IDP စခန်းများအလိုက် ရောက်ရှိနေထိုင်နေကြသူများ၏ ရပ်တည်နေထိုင်မှုကို စိစစ်လေ့လာပြီးစခန်းများ ပိတ်သိမ်းနိုင်မည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးတင်ပြရန်နှင့် အားလုံးပါဝင် ဆွေးနွေးပေးကြပါရန် တိုက်တွန်းလိုပါကြောင်း၊ လုပ်ငန်းကော်မတီများအနေဖြင့် ပြန်လည်နေရာချထားရေးအတွက် လက်ရှိဘဏ္ဍာရေးနှစ်အတွင်း တည်ဆောက်ဆဲ တည်ဆောက်ရေးလုပ်ငန်းများကို အပြီးသတ် ဆောင်ရွက်သွားကြရန်နှင့် လာမည့်ဘဏ္ဍာရေးနှစ်တွင် ထပ်မံဆောင်ရွက်ရန်လိုအပ်သည့် လုပ်ငန်းများကိုလည်း သက်ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့များနှင့် ညှိနှိုင်းပြီး လုပ်ငန်းကော်မတီဝင် ဝန်ကြီးဌာနများအလိုက် ရန်ပုံငွေထည့်သွင်းလျာထားဆောင်ရွက်သွားကြရန် လိုအပ်မည်ဖြစ်ပါကြောင်း။
စခန်း ၁၇၀ ကို ပိတ်သိမ်းနိုင်
အမျိုးသားအဆင့် ကော်မတီ၏ လုပ်ငန်းစဉ်များကို အားလုံးပူးပေါင်းပါဝင်၍ တက်ကြွစွာ ဆောင်ရွက်ခဲ့ကြသဖြင့် ၂၀၂၁ ခုနှစ် မတ်လမှ ၂၀၂၂ ခုနှစ် အောက်တိုဘာလကုန်အထိ ကာလအတွင်း အိမ်ထောင်စု ၁၆၇၇၃ စု၊ လူဦးရေ ၇၂၇၇၁ ဦးတို့ကို မူလနေရာများသို့ ပို့ဆောင်နေရာချထားပေးနိုင်ခဲ့ပြီး IDP နှင့် တိုက်ပွဲရှောင်စခန်း ၁၇၀ ကို ပိတ်သိမ်းနိုင်ခဲ့ပါကြောင်း။
ပြည်တွင်းနေရပ်စွန့်ခွာသူများကို မူလနေရပ်အပါအဝင် ပြန်လည်နေရာချထားသည့် ဒေသများတွင် အမှီအခိုကင်း၍အဆင် ပြေစွာရပ်တည်နေထိုင်နိုင်စေရန် စီမံဆောင်ရွက်ပေးခြင်းနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာအောင် ဘက်ပေါင်းစုံမှ ပံ့ပိုးကူညီဆောင်ရွက်ပေးခြင်းတို့ဖြင့် လက်နက်ကိုင်ပဋိပက္ခများနှင့် လူမှုရေးပဋိပက္ခများကို လျော့နည်းပပျောက်စေနိုင်သကဲ့သို့ ဒေသတွင်းဖွံ့ဖြိုးရေးအစီအစဉ်များ ဖော်ဆောင်နိုင်ရန်အတွက်လည်း များစွာအထောက်အကူပြုမည်ဖြစ်သဖြင့် လုပ်ငန်းကော်မတီများ၊ ပြည်နယ်အဆင့် ကော်မတီများ အားလုံး အချိတ်အဆက်မိမိနှင့် ဟန်ချက်ညီညီထိရောက် ပီပြင်စွာ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ အမျိုးသားအဆင့်ကော်မတီ ဒုတိယဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က နေရပ်စွန့်ခွာသူများအတွက် ကယ်ဆယ်ရေးပစ္စည်းများနှင့် စားနပ်ရိက္ခာများ ထောက်ပံ့ပေးနေမှု အခြေအနေ၊ IDP Camp များနှင့် တိုက်ပွဲရှောင်စခန်းများတွင် အချက်အလက် ကောက်ယူခြင်းနှင့် လူမှုရေးဆိုင်ရာပံ့ပိုးမှု အခြေအနေ၊ ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းနိုင်ရေးအတွက် ထောက်ပံ့ ဆောင်ရွက်ပေးနေမှု အခြေအနေ၊ ကိုဗစ်-၁၉ ရောဂါ အသိပညာပေး ဟောပြောပွဲများ ဆောင်ရွက်ပေးခြင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးစီးမှု အခြေအနေများနှင့် ဆက်လက်ထိုးနှံသွားမည့် အစီအစဉ်များ၊ အသက်မွေးဝမ်းကျောင်း သင်တန်းများ ဖွင့်လှစ်ပေးနေမှု အခြေအနေ၊ ရှေ့ဆက်လက် ဆောင်ရွက်သွားမည့် အစီအမံများနှင့် မူလနေရပ် သို့ ပြန်လည်နေထိုင်လိုသူများအတွက် လတ်တလောလိုအပ်သည်များကို ထောက်ပံ့ကူညီပေး လျက်ရှိသည့် အခြေအနေများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် အမျိုးသားအဆင့် ကော်မတီအတွင်းရေးမှူး နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုင်းထွန်းညိုက အမျိုးသားအဆင့်ကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ လုပ်ငန်းကော်မတီများနှင့် ပြည်နယ်အဆင့် ကော်မတီများအနေဖြင့် (၂/၂၀၂၂) အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုများနှင့် ရှေ့ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို ရှင်းလင်း တင်ပြသည်။
ရှင်းလင်းတင်ပြ
ယင်းနောက် IDP စခန်းများအား လေ့လာသုံးသပ်၍ အကြုံပြုချက်များ ဖော်ထုတ်တင်ပြရေး အဖွဲ့ဥက္ကဋ္ဌ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ခွန်သန့်ဇော်ထူးက ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်ရှိ IDP စခန်းများတွင် နေထိုင်ကြသူများ၏ ရပ်တည်နေထိုင်မှုများအပေါ် ကွင်းဆင်း စိစစ်လေ့လာတွေ့ရှိချက်များနှင့် အကြံပြုချက်များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် အမျိုးသားအဆင့် ကော်မတီဝင်များ၊ လုပ်ငန်းကော်မတီဝင်များ၊ ပြည်နယ်အဆင့် ကော်မတီများမှ တာဝန်ရှိသူတို့က ပြည်တွင်းနေရပ် စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ ဆောင်ရွက်ချက်များနှင့် အကြံပြုချက်များကို သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေးတင်ပြကြရာ အမျိုးသားအဆင့်ကော်မတီဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့က ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြကြောင်း သတင်းရရှိသည်။ သတင်းစဉ်