နေပြည်တော် ဒီဇင်ဘာ ၂၀
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက် ညနေ ၄ နာရီ ၅၀ မိနစ်အချိန်တွင် မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်မြို့၊ ရွှေနံ့သာကျေးရွာ၊ ဘားလားကျေးရွာအဝင်လမ်း သစ်ခွခြံအနီး၌ ဘင်္ဂါလီလူမျိုးများ ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဒုက္ခသည်စခန်းမှ မိုဟာမက်ဖိုက်စိန် (၁၄) နှစ်ပါ အမျိုးသား ၆ ဦးနှင့် အမျိုးသမီး ၆ ဦးတို့အား တွေ့ရှိရသဖြင့် ထိန်းသိမ်းစစ်ဆေးခဲ့သည်။
အဆိုပါ ထိန်းသိမ်းထားရှိသူ ဘင်္ဂါလီလူမျိုးများ၏ ထွက်ဆိုချက်အရ ၎င်းတို့သည် နိုဝင်ဘာလ ၁၄ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းမှ လူအင်အား ၃၆ ဦးပါအဖွဲ့ဖြင့် စက်လှေစီးကာ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်ရှိ ကျေးရွာတစ်ရွာသို့ ခိုးဝင်ခဲ့ကြောင်း၊ ၎င်းကျေးရွာတွင် အခြားဘင်္ဂါလီလူမျိုး ၃၆ ဦးနှင့်အတူ ၆ ရက်ခန့်နေထိုင်ခဲ့ပြီး ၎င်းတို့ ၇၂ ဦးသည် မလေးရှားနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ရန်အတွက် ပွဲစား ၄ ဦးနှင့်အတူ စက်လှေတစ်စီးဖြင့် ၃ ရက် ၃ ညခန့် စီးနင်းထွက်ခွာခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ပင်လယ်ဝသို့ရောက်ရှိခဲ့ပြီး ထိုနေရာ၌ အခြားစက်လှေတစ်စီးပေါ်သို့ ပြောင်းရွှေ့စီးနင်း၍ ဆက်လက်ထွက်ခွာခဲ့ရာ ၂ နာရီအကြာတွင် ကျေးရွာတစ်ရွာသို့ ရောက်ရှိခဲ့ကြောင်း၊ စက်လှေပေါ်မှဆင်းပြီး တောလမ်းအတိုင်း ဆက်လက်ထွက်ခွာခဲ့ကာ ကားလမ်းမပေါ်အရောက်၌ အသင့်စောင့်နေသည့် ဆီဘောက်ဆာကား တစ်စီးပေါ်သို့ တက်ရောက်ခဲ့ကြောင်း၊ ထိုသို့တက်ရောက်ရာတွင် လှေကားဖြင့် ဘောက်ဆာအမိုးပေါ်သို့ တက်ရောက်၍ အမိုးအဖုံးဖွင့်ကာ ဘောက်ဆာအတွင်းသို့ ဆင်းရကြောင်း၊ ဘောင်ဆာအတွင်း၌ အကန့် (၈)ခုပါရှိပြီး ၎င်း အကန့်များအတွင်း ဝင်ရောက်စီးနင်းခဲ့ရကြောင်း၊ ဘောင်ဆာအတွင်း၌ အပူချိန်များသဖြင့်အပေါ်မှ ရေများလောင်းချပေးရ၍ ဘောင်ဆာအတွင်းရှိ ကြမ်းခင်းပေါ်တွင် ခြေချင်းဝတ်ခန့်အထိ ရေများလည်းရှိနေကြောင်း၊ လမ်းခရီးတစ်နေရာအရောက်၌ အခြားယာဉ် ၂ စီးဖြင့် လည်းကောင်း ပြောင်းရွှေ့စီးနင်း ဆက်လက်ထွက်ခွာခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျေးရွာတစ်ရွာသို့ရောက်ရှိပြီး အဆိုပါကျေးရွာရှိ ခြံတစ်ခုအတွင်း၌ ၁၅ ရက်ခန့် နေထိုင်ခဲ့ကြောင်း၊ ထိုသို့နေထိုင်စဉ် ၎င်းတို့အနက်မှ ၆၀ ဦးအား ပွဲစားများမှ အသီးသီးလာရောက် ခေါ်ဆောင်သွားခဲ့သဖြင့် ၎င်းတို့ ၁၂ ဦးသာ ကျန်ရှိခဲ့ကြောင်း၊ ၄င်းတို့အား နိုဝင်ဘာလ ၁၄ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်တွင် အဖြူရောင်မော်တော်ယာဉ် တစ်စီးဖြင့်လည်းကောင်း၊ ထို့နောက် အဖြူရောင်အငှားယာဉ် ၂ စီးဖြင့်လည်းကောင်း အဆင့်ဆင့်ပြောင်းရွှေ့ခေါ်ဆောင်ကာ တွေ့ရှိထိန်းသိမ်းခံရသည့်နေရာ၌ ချထားပေးစဉ် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ ထိန်းသိမ်းထားရှိသူ ဘင်္ဂါလီလူမျိုးများအား အသေးစိတ်စစ်ဆေးချက်အရ ၎င်းတို့ကို သယ်ယူပို့ဆောင်ထိန်းသိမ်းထားရှိရာတွင် ကိုယ်တိုင်ပါဝင်ကြီးကြပ် ဆောင်ရွက်သူဖြစ်သည့် သန့်ဇင်ဦး (ခ) သူရိန်၊ မော်တော်ယာဉ်များဖြင့် အဆင့်ဆင့် သယ်ယူပို့ဆောင်ပေးကြသူများ ဖြစ်ကြသည့် မြတ်စိုးဦး (ခ) ပြောင်ကြီး၊ ထက်ကျော်၊ အောင်သူ၊ မြင့်စိန်၊ ဇော်ဇော်လတ် (ခ) ရခိုင်လေး၊ ကျော်ကျော် (ခ) ကျော်ကြီးနှင့် မင်းမင်းထိုက် တို့အားလည်းကောင်း၊ ဘင်္ဂါလီများအား လက်ခံထိန်းသိမ်းထားရှိပေးသူများ ဖြစ်ကြသည့် အေးခိုင် (ခ) ကိုအောင်၊ အောင်အောင်၊ ဇော်အောင် (ခ) မောင်ဇော်နှင့် ဇော်ဝင်း (ခ) အလီဘိုင်တို့ စုစုပေါင်း (၁၂)ဦး၊ ဇော်ဝင်း(ခ) အလီဘိုင်၏နေအိမ်တွင် ထိန်းသိမ်းထားရှိသည့် ဘင်္ဂါလီလူမျိုး မိုဟာမက်ဂျာဘဲပါ အမျိုးသား (၁၉) ဦးနှင့်အတူ ဘင်္ဂါလီလူမျိုးများကို သယ်ယူပို့ဆောင်ရာတွင် အသုံးပြုခဲ့သည့် YGN 3C- 6928 နံပါတ်ပါ ဆီဘောက်ဆာ ဖြူ/ပြာရောင်ယာဉ်ပါ မော်တော်ယာဉ် (၆) စီးတို့အား ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်နှင့် ၁၆ ရက်နေ့တို့တွင်အသီးသီး ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိသူ တရားခံများ၏ ထွက်ဆိုချက်များအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းမှ ဘင်္ဂါလီလူမျိုးများအား မလေးရှားနိုင်ငံသို့ ပို့ဆောင်ရာတွင် သန့်ဇင်ဦး (ခ) သူရိန်၊ ထက်ကျော်၊ မြတ်စိုးဦး (ခ) ပြောင်ကြီး၊ မင်းမင်းထိုက်၊ အေးခိုင်(ခ) ကိုအောင်၊ ဇော်အောင်(ခ) မောင်ဇော်နှင့် အောင်အောင် တို့ပါဝင်သည့်အဖွဲ့က ရခိုင်ပြည်နယ်၊ စစ်တွေဘက်မှ ဝင်ရောက်လာသည့် ဘင်္ဂါလီလူမျိုးများအား ဧရာဝတီတိုင်းဒေသကြီးအတွင်းမှ သွားရောက်ခေါ်ဆောင်ကာ ရန်ကုန်တိုင်းဒေသကြီးအတွင်း ခေတ္တထိန်းသိမ်းပေးရန် ဘင်္ဂါလီတစ်ဦးလျှင် ၇ သိန်းကျပ်နှုန်းဖြင့် လက်ခံဆောင်ရွက်ခဲ့ကြောင်း၊ ၎င်းတို့အဖွဲ့ လက်ခံထိန်းသိမ်းထားသည့် ဘင်္ဂါလီလူမျိုးများအား အလီလီ သယ်ဆောင်သည့်သူများက လာရောက်ခေါ်ဆောင်ကာ မလေးရှားနိုင်ငံသို့ ပို့ဆောင်နိုင်ရေး ဆက်လက်ဆောင်ရွက်ခဲ့ကြကြောင်း၊ ထိုသို့ သယ်ယူထိန်းသိမ်းပေးခြင်းအား အခကြေးငွေယူ၍ ဆောင်ရွက်ခဲ့သည်မှာ ၅ ကြိမ်ခန့်ရှိပြီဖြစ်ပြီး ဘင်္ဂါလီလူမျိုး (၂၅၅)ဦးတို့အား တရားမဝင်သယ်ဆောင် ထိန်းသိမ်းပေးခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
ထိုသို့ တရားမဝင်သယ်ဆောင်ထိန်းသိမ်းပေးခဲ့သည့် ၅ ကြိမ်အနက် ပဉ္စမအကြိမ် ဒီဇင်ဘာလ ၄ ရက်နေ့တွင် စစ်တွေမြို့မှ မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်၊ ပဒါန်းမြို့၊ ပုသိမ် - မုံရွာကားလမ်းဘေး တောစပ်တစ်နေရာသို့ ဘင်္ဂါလီလူမျိုး (၃၃) ဦးအား ချိန်းဆိုပို့ဆောင်ပေးခဲ့သဖြင့် မြတ်စိုးဦး (ခ) ပြောင်ကြီး မှ YGN 3C- 6928 ဆီဘောက်ဆာကားအား မောင်းနှင်ကာ ဇော်အောင်(ခ) မောင်ဇော်က အဖော်အဖြစ်လိုက်ပါ၍ သွားရောက်သယ်ဆောင်ခဲ့ကြောင်း၊ ထိုသို့ သယ်ဆောင်ရာတွင် ပုသိမ် - မုံရွာ ကားလမ်းအတိုင်း မောင်နှင်ခဲ့ကြောင်း၊ ပန်တိုင်စစ်ဆေးရေးဂိတ် အရောက်တွင် ဆီဘောက်ဆာကားအမိုးပေါ်ရှိ လေဝင်ရန်ဖွင့်ထားသော အဖုံးများအားပိတ်၍ မောင်းနှင့်ခဲ့ကြောင်း၊ ပန်တိုင်စစ်ဆေးရေးဂိတ် ကျော်သည့်အခါ အဖုံးများအား ပြန်ဖွင့်ပေးခဲ့ကြောင်း၊ ထန်းတပင်မြို့နယ်၊ သီတာအေးလမ်းဆုံ၊ စစ်ဆေးရေးဂိတ်အနီးအရောက်တွင် အဖုံးများအားပြန်ပိတ်၍ မောင်းနှင်ခဲ့ကြောင်း၊ လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ်၊ နည်းပညာတက္ကသိုလ်အနီးအရောက်တွင် ပိတ်ထားသောအဖုံးများအား လေဝင်စေရန် ပြန်ဖွင့်ပေးခဲ့ရာ ဆီဘောက်ဆာကား နောက်ဆုံးအကန့်တွင် လိုက်ပါစီးနင်းလာသည့် ဘင်္ဂါလီလူမျိုး အမျိုးသား (၁၃) ဦးသည် ပါးစပ်မှအမြုပ်များထွက်၍ သေဆုံးသွားခဲ့ကြကြောင်း၊ အသက်ရှင်ကျန်သူ ဘင်္ဂါလီလူမျိုး (၂၀)ဦးအား အေးခိုင်နှင့် ဇော်ဝင်း (ခ) အလီဘိုင်တို့၏ နေအိမ်များတွင် ထိန်းသိမ်းထားရှိခဲ့ပြီး သေဆုံးသူ ဘင်္ဂါလီ (၁၃)ဦးအား ယင်းနေ့ ည ၇ နာရီ ၃၀ မိနစ်အချိန်တွင် ဖောကားဖြင့် သယ်ဆောင်ပြီး လှည်းကူးမြို့နယ်၊ ဘားလားကျေးရွာအနီး တပင်ရွှေထီးလမ်းမပေါ်၌ သွားရောက်စွန့်ပစ်ခဲ့ကြခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။
ဖြစ်စဉ်များတွင် ဘင်္ဂါလီလူမျိုး ၂၅၅ ဦးအား တရားမဝင်သယ်ဆောင် ထိန်းသိမ်းထားမှုတွင် ပူးပေါင်းပါဝင်ပတ်သက်ခဲ့သည့် တရားခံအမျိုးသား ၁၂ ဦးတို့အား ဘင်္ဂါလီလူမျိုးများ တရားမဝင်သယ်ယူပို့ဆောင်ရာတွင် အသုံးပြုခဲ့သည့် ဆီဘောက်ဆာယာဉ်တစ်စီး၊ Toyota Vanguard မော်တော်ယာဉ်တစ်စီး၊ Toyota Crown မော်တော်ယာဉ်တစ်စီး၊ Hyundai Starex မော်တော်ယာဉ်တစ်စီး၊ Toyota Probox မော်တော်ယာဉ် ၂ စီး၊ စုစုပေါင်းမော်တော်ယာဉ် မျိုးစုံ ၆ စီးတို့နှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပြီး ၎င်းတရားမဝင် ဝင်ရောက်လာသည့် ဘင်္ဂါလီလူမျိုးများနှင့် တရားမဝင်သယ်ဆောင်ထိန်းသိမ်းထားရှိသူ ဖမ်းဆီးရမိတရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဖမ်းဆီးရန်ကျန် ဆက်စပ်တရားခံ များအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန် အပ်ပါသည်။