Skip to main content

အာဆီယံခရီးသွားလုပ်ငန်း ကျွမ်းကျင်ပညာရှင်များအတွက် ကျွမ်းကျင်မှုစံနှုန်းများဆိုင်ရာ တတိယအကြိမ် ဒေသတွင်းအလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၂၀   

အာဆီယံ ခရီးသွားလုပ်ငန်း ကျွမ်းကျင်ပညာရှင်များအတွက် ကျွမ်းကျင်မှုစံနှုန်းများဆိုင်ရာ တတိယအကြိမ် ဒေသတွင်းအလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံကဦးဆောင်ပြီး အိမ်ရှင်နိုင်ငံအဖြစ် လက်ခံ၍ Hybrid စနစ်ဖြင့် ကျင်းပသည်။

အလုပ်ရုံဆွေးနွေးပွဲတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်က အာဆီယံခရီးသွားလုပ်ငန်း ကျွမ်းကျင်ပညာရှင်များ အပြန်အလှန် အသိအမှတ်ပြုရေး အစီအစဉ်ကို ခရီးသွားလုပ်ငန်း ကျွမ်းကျင်ပညာရှင်များအတွက် ရွှေ့ပြောင်းသွားလာလုပ်ကိုင်ရာတွင် လွယ်ကူချောမွေ့မှုရှိစေရေး၊ အပြန်အလှန် အသိအမှတ်ပြုရေးနှင့် စီမံခန့်ခွဲနိုင်ရေးတို့အတွက် ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံက အာဆီယံ ခရီးသွားလုပ်ငန်း ကျွမ်းကျင်ပညာရှင်များ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌအဖြစ် ဆောင်ရွက်စဉ် ကာလအတွင်း ခရီးသွားလုပ်ငန်း ကျွမ်းကျင်ပညာရှင်များ အပြန်အလှန်အသိ အမှတ်ပြုရေးဆိုင်ရာ လုပ်ငန်းစီမံချက် (၂၀၁၉-၂၀၂၃) ကို ၂၀၁၉ ခုနှစ်တွင် ထုတ်ပြန်နိုင်ခဲ့ကြောင်း၊ ယင်းစီမံချက်ပါ လုပ်ငန်းအစီအစဉ် (၁) ကို ဦးဆောင်နိုင်ငံအဖြစ် ၂၀၁၉ခု နှစ်မှစ၍ ဆောင်ရွက်ခဲ့ ကြောင်း။

ပထမအကြိမ် ဒေသတွင်းအလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၉ ခုနှစ်တွင် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၌လည်းကောင်း၊ ဒုတိယအကြိမ် အလုပ်ရုံဆွေးနွေးပွဲကို ၂၀၂၁ ခုနှစ်၊ ဇွန်လတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကြောင့် အွန်လိုင်းမှတစ်ဆင့်လည်းကောင်း ကျင်းပပြုလုပ်ခဲ့ကြောင်း၊ အာဆီယံခရီးသွား လုပ်ငန်းကျွမ်းကျင် ပညာရှင်များအတွက် ကျွမ်းကျင်မှုစံနှုန်းများကို ပြန်လည်သုံးသပ်ခြင်းနှင့် မွမ်းမံပြင်ဆင်ခြင်းများကို အပြီးသတ်ဆောင်ရွက်ခဲ့ကာ ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပခဲ့သည့် အာဆီယံခရီးသွားလုပ်ငန်းဖိုရမ်-၂၀၂၂ တွင် အာဆီယံခရီးသွား လုပ်ငန်းဝန်ကြီးများက အတည်ပြုခဲ့ကြောင်း၊ ယခုအခါတွင် နောက်ဆက်တွဲ လုပ်ငန်းစဉ်များ အနေဖြင့် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ စံနှုန်းများအားကျွမ်းကျင်မှု အဆင့်အလိုက် သတ်မှတ်စည်းမျဉ်းများ(Packaging Rules)နှင့် အလုပ်အကိုင် တစ်ခုချင်းစီအတွက် အရည်အချင်းသတ်မှတ်ချက်ဆိုင်ရာ လမ်းညွှန်ချက်များကို မွမ်းမံပြင်ဆင်ရန် လိုအပ်သောကြောင့် ပဏာမတွေ့ရှိချက်များအပေါ် ဆွေးနွေးနိုင်ရန် တတိယအကြိမ်အဖြစ် ဒေသတွင်း အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် အာဆီယံခရီးသွားလုပ်ငန်း ကျွမ်းကျင်ပညာရှင်များ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မစ္စတီတစ်ခ် လက်စ်တာရီက အမှာစကားပြောကြားပြီး ASEAN Common Competency Standards For Tourism Professionals -ACCSTP ကျွမ်းကျင်ပညာရှင်အဖွဲ့က ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာစံနှုန်းများအား ကျွမ်းကျင်မှုအဆင့်အလိုက် သတ်မှတ် စည်းမျဉ်းများ (Packaging Rules)အား ပြန်လည်သုံးသပ်ခြင်းနှင့် မွမ်းမံ ပြင်ဆင်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ ဖြစ်ပေါ်တိုးတက်မှုကို ရှင်းလင်းတင်ပြကြသည်။

ဆက်လက်၍ ဟိုတယ်ဝန်ဆောင်မှုကဏ္ဍအတွက် အလုပ်အကိုင် အမျိုးအစားများ၊ ဧည့်ကြိုဝန်ဆောင်မှုလုပ်ငန်း၊ အိပ်ခန်းဆောင် ထိန်းသိမ်းရေးလုပ်ငန်း၊ အစားအသောက် ထုတ်လုပ်ရေးလုပ်ငန်း၊ အစားအစာနှင့် အဖျော်ယမကာ ဝန်ဆောင်မှုလုပ်ငန်းများအတွက် ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းဆိုင်ရာ စံနှုန်းများအား ကျွမ်းကျင်မှုအဆင့် အလိုက်သတ်မှတ် စည်းမျဉ်းများ (Packaging Rules)ကို အပြီးသတ်ပြင်ဆင် မွမ်းမံမှုများအား အာဆီယံ အဖွဲ့ဝင်(၁၀)နိုင်ငံမှ ပါဝင်တက်ရောက်သူများက အပြန်အလှန်ဆွေးနွေးကြသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲ ဒုတိယနေ့ကို ဒီဇင်ဘာ ၂၁ ရက်တွင် ဆက်လက်ကျင်းပ သွားမည်ဖြစ်ပြီး ခရီးသွားလုပ်ငန်း ဝန်ဆောင်မှုကဏ္ဍအတွက် အလုပ်အကိုင်အမျိုးအစားများ၊ ခရီးသွားအေဂျင်စီများနှင့် ခရီးလှည့်လည်ရေးလုပ်ငန်းဆိုင်ရာ အလုပ်အကိုင် အမျိုးအစားအလိုက် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ စံနှုန်းများအား ကျွမ်းကျင်မှုအဆင့်အလိုက် သတ်မှတ်စည်းမျဉ်းများ(Packaging Rules)ကို ပြင်ဆင်မွမ်းမံနိုင်ရေးအတွက် ဆက်လက်ဆွေး နွေးသွားမည်ဖြစ်ကြောင်း သိရသည်။

အလုပ်ရုံဆွေးနွေးပွဲသို့ ဌာနဆိုင်ရာ အရာရှိကြီးများ၊ ဆက်စပ်ဝန်ကြီးဌာနများမှ ခရီးသွားလုပ်ငန်း ကျွမ်းကျင်ပညာရှင်များ၊ အာဆီယံအဆင့်နှင့် နိုင်ငံအဆင့် သင်ကြားရေး၊ စစ်ဆေးအကဲဖြတ်ရေး ဆရာများ၊ သင်ကြားရေး ဆရာများ၊ ဟိုတယ်များမှ ကိုယ်စားလှယ်များ၊ အာဆီယံ ခရီးသွားလုပ်ငန်း ကျွမ်းကျင်ပညာရှင်များ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများ၊ အာဆီယံ (၁၀) နိုင်ငံမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

သတင်းစဉ်