Skip to main content

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် လူငယ်နှင့် စာပေအနုပညာပြပွဲ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၁၉

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် လူငယ်နှင့် စာပေအနုပညာပြပွဲ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် လူငယ်နှင့် စာပေအနုပညာပြပွဲ ကျင်းပရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ လုပ်ငန်းကော်မတီအဖွဲ့ဝင် နေပြည်တော်ကောင်စီ ကောင်စီဝင် ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ လူငယ်နှင့် စာပေအနုပညာပြပွဲ ကျင်းပ ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးရဲတင့်က ပြခန်းပြသမည့် ဝန်ကြီးဌာန ရှစ်ခုသည် ဒီဇင်ဘာ ၂၃ ရက်မှစတင်၍ ပြင်ဆင်နိုင်ပြီဖြစ်ကြောင်း၊ အတတ်နိုင်ဆုံး အကောင်းဆုံးပြသနိုင်အောင် ဆောင်ရွက်ကြစေလို ကြောင်း၊ အခြေခံပညာကျောင်းများမှ ဖျော်ဖြေရေးအဖွဲ့၊ လေ့လာရေးအဖွဲ့၊ စာလုံးဖော် ကျောင်းသား ကျောင်းသူများနှင့် ကြီးကြပ်သူ ဆရာ/ဆရာမများပါ လာရောက်ကြည့်ရှုနိုင်ရေးအတွက် စီစဉ်ထားကြောင်း၊ ပြပွဲသို့ ဝန်ကြီးဌာနများမှ ဝန်ထမ်းများ လာရောက်ကြည့်ရှုနိုင်ရန်အတွက် ဖိတ်ကြားသွားမည်ဖြစ်ကြောင်း၊ လူငယ်နှင့် စာပေအနုပညာပြပွဲတွင် ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများနှင့် ပြည်သူများ ပါဝင်သည့်အတွက် လုံခြုံရေးကိစ္စရပ်များကို အထူးဂရုပြု ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ကျင်းပရေးလုပ်ငန်းကော်မတီအဖွဲ့ဝင် နေပြည်တော်ကောင်စီ ကောင်စီဝင် ဦးမြင့်စိုးက ဆွေးနွေးပြောကြားသည်။

ယင်းနောက် ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်က စာပေဆိုင်ရာပြသမည့် အစီအစဉ်များ၊ အနုပညာဆိုင်ရာပြသမည့် အစီအစဉ်များ၊ ပြခန်းများပြသမည့်အစီအစဉ်များ၊ လုပ်ငန်းကော်မတီမှ စီစဉ်ဆောင်ရွက်ပေးမည့်ကိစ္စရပ်များ၊ ကူညီဆောင်ရွက်ပေးရန် လိုအပ်သည့်ကိစ္စရပ်များ၊ လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများ၊ လိုအပ်ချက်များ၊ ဆောင်ရွက်ရန်ကျန်ရှိမှုများနှင့် ထပ်မံဖြည့်စွက် လိုသည်များကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသူများက ပြပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြသည်။

ထို့နောက် ဆွေးနွေးချက်များအပေါ် ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးရဲတင့်က ဖြည့်စွက်ဆွေးနွေး မှာကြားပြီး နိဂုံးချုပ်အမှာစကားပြောကြားသည်။

ပြပွဲတွင် မှုခင်းလျော့ကျရေး၊ မူးယစ်ဆေးဝါးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး သရုပ်ပြသခြင်း၊ သမိုင်းဝင်ပုဂ္ဂိုလ်များနှင့် စာချုပ်စာတမ်းများ၊ မှတ်တမ်းများ ခင်းကျင်းပြသခြင်း၊ လေကြောင်းပညာရပ်ဆိုင်ရာ သရုပ်ပြသခြင်း၊ သစ်တောသစ်ပင်စိုက်ပျိုးရေး အသိပညာပေးသရုပ် ပြသခြင်း၊ ကျန်းမာရေးအသိပညာပေး သရုပ်ပြသခြင်းနှင့် လူငယ်ရေးရာလှုပ်ရှားမှုဓာတ်ပုံ၊ စာအုပ်၊ စာတမ်း၊ မှတ်တမ်းများပြသခြင်း၊ ကလေးငယ်တစ်ဦး ချင်းပြိုင်ပွဲများအဖြစ် စကားပုံဆက်၊ အရုပ်ဆက်၊ ဆေးရောင်ခြယ်၊ အိမ်ဆောက်ကစားခြင်း၊ အဖွဲ့လိုက် ပြိုင်ပွဲများအပါအဝင် ကြီးမြတ်သောမြန်မာ၊ သူ့ကျွန်မခံပြီ၊ ငဘရုပ်ရှင်ကားများ ပြသမည့်အစီအစဉ်များကို မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (MICC-2)၌ ဒီဇင်ဘာ ၂၆ ရက်မှ ၂၈ ရက်အထိ သုံးရက်ကြာ စည်ကားသိုက်မြိုက်စွာ ပြသသွားမည် ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်