နေပြည်တော် ဒီဇင်ဘာ ၁၉
စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးရေးကော်မတီ၏ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသော ဦးဝင်းရှိန်၊ ဦးလှမိုး၊ ဦးအောင်နိုင်ဦး၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြ သည်။
အစည်းအဝေးတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့်ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ အချိန်တိုအတွင်း တိုးချဲ့စိုက်ပျိုးနိုင်ပြီး တစ်ဧကဆီထွက်နှုန်းကောင်းမွန်သည့် နေကြာသီးနှံ တိုးချဲ့ စိုက်ပျိုးရေးစီမံကိန်းကို ရေးဆွဲဆောင်ရွက်လျက်ရှိရာ ဆောင်းနေကြာ စိုက်ပျိုးရာသီကုန်ကာလ နီးပြီဖြစ်၍ လျာထားဧကပြည့်မီရေး ဝိုင်းဝန်းကြိုးပမ်းကြရန် လိုကြောင်း၊ နေကြာသီးနှံ စိုက်ပျိုးဧရိယာ တိုးချဲ့ရေး သာမက တောင်သူများ စီးပွားရေးအရ တွက်ခြေကိုက်ရန် တစ်ဧကအထွက်နှုန်း တိုးတက်ရရှိရေးအတွက် မျိုးကောင်းမျိုးသန့်များ အသုံးပြုနိုင်ရေး၊ စိုက်ပျိုးနည်းစနစ် မှန်ကန်ရေး၊ ချေးငွေနှင့် သွင်းအားစုများ အချိန်မီရရှိရေးနှင့် ထိရောက်စွာ အသုံးပြုနိုင်ရေး၊ စိုက်ပျိုးရေရရှိရေးတို့ကို အလေးထား ဆောင်ရွက်ရ မည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က နိုင်ငံတော်မှ စီမံကိန်းလုပ်ငန်းများ အောင်မြင်စေရေးအတွက် ခွင့်ပြုပေးထားသော ရန်ပုံငွေကို ထိထိရောက်ရောက် သုံးစွဲ နိုင်ရေး၊ စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးနိုင်သည့် ရာခိုင်နှုန်း နည်းရသည့်အကြောင်းရင်းကို စိစစ် သုံးသပ်ပြီး ထိရောက်မြန်ဆန်စွာ သုံးစွဲနိုင်သည့် စနစ်ပြောင်းလဲကျင့်သုံးနိုင်ရေး ဆောင်ရွက်ရန် ဆွေးနွေးပြောကြားသည်။
အလားတူ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ထွက်ရှိလာသော နေကြာအပါအဝင် ဆီထွက်သီးနှံများ ဈေးကွက်ရရှိရေးနှင့် အရည်အသွေးပြည့်ဝသော စားသုံးဆီထုတ်လုပ်နိုင်ရေးအတွက် ဆီစက်များ အရည်အသွေးမြှင့်တင်ရေး၊ ဈေးကွက်ရရှိမှု ဖော်ဆောင်ပေးခြင်းဖြင့် တောင်သူများ၏ ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးလိုမှု မြှင့်တင်ပေးနိုင်ရေးဆိုင်ရာ များကို ဆွေးနွေးပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာလုပ်ငန်းကဏ္ဍများအလိုက် ဆောင်ရွက်ထားရှိမှုနှင့် စိုက်ပျိုးစရိတ်ချေးငွေ၊ မျိုးစေ့၊ မြေဩဇာနှင့် စိုက်ပျိုးရေ စသည့်စီမံကိန်းအောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် သွင်းအားစုများ အချိန်မီရရှိနိုင်ရေး၊ ဆီစက်များ အဆင့်မြှင့်တင်ရေး ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးများက ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးရေး စီမံကိန်းကို အောင်မြင်အောင် အကောင်အထည် ဖော်နိုင်ရေးအတွက် လက်ရှိစိုက်ပျိုးသည့် နေကြာစိုက်ဧရိယာနှင့် သီးနှံထွက်ရှိမှု၊ ဈေးကွက်အလားအလာတို့၏ အားနည်းချက်၊ အားသာချက်များကို လေ့လာသုံးသပ်ပြီး ဆက်လက်အကောင်အထည်ဖော်မည့် လုပ်ငန်းအစီအစဉ်များကို အသေးစိတ်ရေးဆွဲရန်နှင့် ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များ၊ တောင်သူများနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များအားလုံးတို့က ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်