Skip to main content

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် လူငယ်နှင့်စာပေအနုပညာပြပွဲ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်  ဒီဇင်ဘာ  ၁၉

(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် လူငယ်နှင့်စာပေအနုပညာပြပွဲ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် လူငယ်နှင့်စာပေအနုပညာပြပွဲ ကျင်းပရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ လုပ်ငန်း ကော်မတီအဖွဲ့ဝင် နေပြည်တော်ကောင်စီ ကောင်စီဝင် ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာန ဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ လူငယ်နှင့် စာပေ အနုပညာပြပွဲ ကျင်းပရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်က ပြခန်းပြသမည့် ဝန်ကြီးဌာန ရှစ်ခုသည် ဒီဇင်ဘာ ၂၃ ရက်မှစတင်၍ ပြင်ဆင်နိုင်ပြီဖြစ်ပါကြောင်း၊ အတတ်နိုင်ဆုံး အကောင်းဆုံး ပြသနိုင်အောင် ဆောင်ရွက်ကြစေလိုပါကြောင်း၊ အခြေခံပညာကျောင်းများမှ ဖျော်ဖြေရေးအဖွဲ့၊ လေ့လာရေးအဖွဲ့၊ စာလုံးဖော် ကျောင်းသား ကျောင်းသူများနှင့် ကြီးကြပ်သူ ဆရာ ဆရာမများပါ လာရောက် ကြည့်ရှုနိုင်ရေးအတွက် စီစဉ်ထားပါကြောင်း၊ ပြပွဲသို့ ဝန်ကြီးဌာနများမှ ဝန်ထမ်းများ လာရောက် ကြည့်ရှုနိုင်ရန်အတွက် ဖိတ်ကြားသွားမည်ဖြစ်ပါကြောင်း၊ လူငယ်နှင့် စာပေအနု ပညာပြပွဲတွင် ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများနှင့် ပြည်သူများ ပါဝင်သည့်အတွက် လုံခြုံရေးကိစ္စရပ်များကို အထူးဂရုပြု ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း ပြောကြား သည်။

ထို့နောက် ကျင်းပရေး လုပ်ငန်းကော်မတီ အဖွဲ့ဝင် နေပြည်တော်ကောင်စီ ကောင်စီဝင် ဦးမြင့်စိုးက ဆွေးနွေးပြော ကြားသည်။

ယင်းနောက် ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်က စာပေဆိုင်ရာ ပြသမည့် အစီအစဉ်များ၊ အနုပညာဆိုင်ရာပြသမည့် အစီအစဉ်များ၊ ပြခန်းများပြသမည့် အစီအစဉ်များ၊ လုပ်ငန်းကော်မတီမှ စီစဉ်ဆောင်ရွက်ပေးမည့်ကိစ္စရပ်များ၊ ကူညီဆောင်ရွက်ပေးရန် လိုအပ်သည့်ကိစ္စရပ်များ၊ လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများ၊ လိုအပ်ချက်များ၊ ဆောင်ရွက်ရန် ကျန်ရှိမှုများနှင့်ထပ်မံဖြည့်စွက်လိုသည်များကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသူများက ပြပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြသည်။

ထို့နောက် ဆွေးနွေးချက်များအပေါ် ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးရဲတင့် က ဖြည့်စွက်ဆွေးနွေး မှာကြားပြီး နိဂုံးချုပ်အမှာစကား ပြောကြားသည်။

ပြပွဲတွင် မှုခင်းလျော့ကျရေး၊ မူးယစ်ဆေးဝါးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး သရုပ်ပြသခြင်း၊ သမိုင်းဝင်ပုဂ္ဂိုလ်များနှင့် စာချုပ်စာတမ်းများ၊ မှတ်တမ်းများ ခင်းကျင်းပြသခြင်း၊ လေကြောင်းပညာရပ်ဆိုင်ရာ သရုပ်ပြသခြင်း၊ သစ်တောသစ်ပင် စိုက်ပျိုးရေး အသိပညာပေး သရုပ်ပြသခြင်း၊ ကျန်းမာရေး အသိပညာပေး သရုပ်ပြသခြင်းနှင့် လူငယ်ရေးရာလှုပ်ရှားမှု ဓာတ်ပုံ၊ စာအုပ်၊ စာတမ်း၊ မှတ်တမ်းများပြသခြင်း၊ ကလေးငယ် တစ်ဦးချင်းပြိုင်ပွဲများအဖြစ် စကားပုံဆက်၊ အရုပ်ဆက်၊ ဆေးရောင်ခြယ်၊ အိမ်ဆောက်ကစားခြင်း၊ အဖွဲ့လိုက်ပြိုင်ပွဲများ အပါအဝင် ကြီးမြတ်သော မြန်မာ၊ သူ့ကျွန် မခံပြီ၊ ငဘ ရုပ်ရှင်ကားများ ပြသမည့် အစီအစဉ်များကို မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (MICC-2) ဒီဇင်ဘာ ၂၆ ရက်မှ ၂၈ ရက်အထိ သုံးရက်ကြာ စည်ကားသိုက်မြိုက်စွာ ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်