Skip to main content

အကြမ်းဖက်လုပ်ရပ် အမြစ်ဖြတ်ရှင်းလင်း

ပန်းဆိုးတန်း - ဒလ ကူးတို့ရေယာဉ် ချယ်ရီ ()ကို PDF အကြမ်းဖက်တို့ မိုင်းထောင်ဖောက်ခွဲခဲ့သဖြင့် အပြစ်မဲ့ ခရီးသွား ၁၇ ဦးတို့ မိုင်းစထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်က အကြမ်းဖက်သမားတို့၏ ရက်စက်ယုတ်မာမှုနှင့် အသိဉာဏ် နိမ့်ကျမှုတို့ကို နောက်ထပ် သက်သေပြလိုက်ခြင်းပင်ဖြစ်သည်။ ပြည်တွင်းရေကြောင်းပိုင် အဆိုပါ ကူးတို့ရေယာဉ်များသည် ရန်ကုန်မြစ်တစ်ဖက်ကမ်းတွင် နေထိုင်ကြသော ပြည်သူလူထု နေ့စဉ်နှင့်အမျှ ကူးသန်းသွားလာကြရာတွင် အဓိကမှီခို အားထားကြရသော ရေယာဉ်များဖြစ်သည်။ ဒလ၊ တွံတေး၊ ကွမ်းခြံကုန်း အစရှိသည့် ဒေသများမှ ပြည်သူများ၊ ရုံးသူ ရုံးသား ဝန်ထမ်းများ၊ ကျောင်းသူ ကျောင်းသားများ၊ ဈေးရောင်း ဈေးဝယ်၊ ခေါင်းရွက် ဗျပ်ထိုးများ၊ ရဟန်းရှင်လူ ခရီးသည်များနှင့် ပြည့်နှက်နေလေ့ရှိသည့် ရေယာဉ်ကို လက်လုပ်မိုင်းထောင် ဖောက်ခွဲတိုက်ခိုက်သူတို့၏ တော်လှန်ရေးအတွေးအခေါ်မှာ အံ့ဩဖွယ်ရာဟုပင် ဆိုရမည် ဖြစ်သည်။

အလားတူ ရန်ကုန်- မော်လမြိုင် ခရီးသွားလာမှုများပြား လာခြင်းအပေါ် အဆင်ပြေစေရန်အတွက် ရန်ကုန်- မော်လမြိုင် ညရထားခရီးစဉ်ကို ဒီဇင်ဘာ ၁၁ ရက်တွင် စတင်ခဲ့ပြီးနောက် ဒီဇင်ဘာ ၁၃ ရက်တွင် သထုံမြို့နယ်အတွင်း ကုန်ရထားတစ်စင်း မိုင်းခွဲတိုက်ခိုက် ခံခဲ့ရသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။ ထိုဖြစ်စဉ်ကြောင့် ကုန်ရထားတွဲဆိုင်းများ လမ်းချော်တိမ်းမှောက်ကာ ရထားပေါ်ပါ အိမ်ဆောက်ပစ္စည်းများ ပျက်စီးဆုံးရှုံးခဲ့ရသည့်အပြင် ရထားလမ်းပျက်စီးသွားသဖြင့် ရန်ကုန် - မော်လမြိုင် အစုန်- အဆန် ရထားခရီးစဉ်များ ဖျက်သိမ်းလိုက်ရပြီး ခရီးသွားပြည်သူ ၄၅၀၀ ခန့် အခက်အခဲ ကြုံတွေ့ခဲ့ရသည်။ မြန်မာနိုင်ငံ ပြိုလဲပျက်စီးရေးအတွက် ပြည်ပမှပေးအပ်လာမည့် အထောက်အပံ့များကို မျှော်ကိုးနေကြရသည့် အကြမ်းဖက်မှုကို လိုလားသူများ၊ အကြမ်းဖက် သမားများအနေဖြင့် တပ်မတော်တပ်စခန်းများ၊ လုံခြုံရေး တပ်ဖွဲ့ဝင်များကို တိုက်ခိုက်ခြင်းမပြုနိုင်ဘဲ အကာအကွယ်မဲ့ ပြည်သူများနှင့် ယာဉ်ရထားများ၊ လမ်းတံတားများ၊ ဆက်သွယ်ရေးတာဝါတိုင်နှင့် ဓာတ်အားပို့ဆောင်သည့် ကေဘယ်လိုင်းများ၊ ဓာတ်တိုင်များ စသည်တို့ကိုသာ အကြမ်းဖက်တိုက်ခိုက် ဖျက်ဆီးနေကြပြီး ပြည်ပအခြေစိုက် အကြမ်းဖက်လက်ဝေခံ မီဒီယာများနှင့် မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်လိုကြသည့် နိုင်ငံအချို့က နောက်မှနေ၍ မြှောက်ပင့် အားပေးနေကြခြင်းဖြစ်သည်။

၎င်းတို့အနေဖြင့် အကြမ်းဖက်လူသတ်ဝါဒကို စွဲကိုင်ထားသည့် NUG CRPH PDF အကြမ်းဖက်အဖွဲ့အစည်းများအား မည်သို့ပင် အမွှမ်းတင်၊ အရောင်တင်ပေးနေကြစေကာမူ တစ်နေ့ထက်တစ်နေ့ ပိုမိုထင်ရှားလာသည့် အကြမ်းဖက်ဝါဒ၏ ဆိုးရွားလှစွာသော ရက်စက်ကြမ်းကြုတ်မှုများမှာ တစ်ခုပြီးတစ်ခု ဖုံးမရဖိမရအောင် ပေါ်ထွက်လာလျက်ရှိနေသည်။ တစ်ဖက်တွင်လည်း ဒေသတည်ငြိမ်အေးချမ်းမှုကို လိုလားပြီး အကြမ်းဖက်အဖျက်လုပ်ရပ်များနှင့် လူသတ်ဝါဒတို့ကို ရွံရှာမုန်းတီးကြသည့် တိုင်းရင်းသားပြည်သူလူထုများက တိကျစွာ သတင်းပေးမှုများကြောင့် နိုင်ငံကို စစ်မီးတောက်လောင်စေရန် ပြည်ပအထောက်အပံ့များမှတစ်ဆင့် ပြည်တွင်းသို့ ဝင်ရောက်လာနေသည့် လက်နက်ခဲယမ်းများကို ပမာဏကြီးမားလှစွာ ဖော်ထုတ်ဖမ်းဆီးလျက်ရှိသည်။

အကြမ်းဖက်သတ်ဖြတ် ဖျက်ဆီးမှုများကြောင့် နိုင်ငံရေးရည်မှန်းချက်များ အောင်မြင်ပေါက်မြောက်မှု ဟူသည် မည်သည့်အခါကမျှ မရှိခဲ့ဖူးသည့်အပြင် အကြမ်းဖက်ဝါဒဟူသည် လူသားတို့၏ ဆန့်ကျင်ရှုတ်ချမှုကြောင့် ကျဆုံးရစမြဲ။ ပြည်သူများအပေါ် အကြောက်တရားဖြင့် လွှမ်းမိုးနိုင် ရေးအတွက် အကြမ်းဖက်ဝါဒကို လက်နက်သဖွယ် အသုံးပြုမှုများ ထပ်မံမပေါ်ပေါက်ရေး လူတိုင်းက ဝိုင်းဝန်းဖော်ထုတ် တားဆီးကာကွယ်နိုင်ကြပါစေကြောင်း။     

အယ်ဒီတာ့အာဘော်