နေပြည်တော် ဒီဇင်ဘာ ၁၇
ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပသည်။
အဆိုပါသင်တန်းကို နေပြည်တော် ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း၏ စီစဉ်ကြီးကြပ်မှုဖြင့် ဖွင့်လှစ်ခြင်းဖြစ်ပြီး ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဌေးအောင်၊ ဌာနဆိုင်ရာ အရာရှိကြီးများ၊ နေပြည်တော် ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဟိုတယ်လုပ်ငန်းရှင်များ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းသည် ဝန်ဆောင်မှုအခြေခံ လုပ်ငန်းဖြစ်သဖြင့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာကဏ္ဍများ၏ အရည်အသွေးကောင်းမွန် တိုးတက်ရန် အရေးကြီးကြောင်း၊ ဧည့်သည်များ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်သောနေရာ တစ်ခုအဖြစ် ဖန်တီးပေးနိုင်ရန်လိုအပ်ကြောင်း၊ ခရီးသွားလုပ်ငန်းတွင် ဧည့်သည်၏ စိတ်ကျေနပ်မှုမှာ အရေးကြီးသောကြောင့်မိမိတို့ဘက်မှ အဆိုပါအရည်အသွေးများ ပြည့်ဝအောင် လေ့ကျင့်သင်ကြား ကြရန် လိုအပ်ကြောင်း၊ ယနေ့ဖွင့်လှစ်မည့်သင်တန်းတွင် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ ဘာသာရပ် လေးမျိုးကို သင်ကြားသွားမည် ဖြစ်သောကြောင့် သင်တန်းသူသင်တန်းသားများအနေဖြင့် လက်တွေ့နယ်ပယ်တွင် အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်ရေး ကြိုးစား သင်ယူသွားကြရန်တိုက်တွန်း ပါကြောင်း ပြောကြားသည်။
ထို့နောက်နေပြည်တော်ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များ အသင်းတွဲဖက်အတွင်းရေးမှူးက သင်တန်း ဖြစ်မြောက်လာပုံနှင့် သင်တန်းဖွင့်လှစ်ပို့ချရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက သင်တန်းပို့ချနေမှုကို လှည့်လည်ကြည့်ရှုကြသည်။
အဆိုပါသင်တန်းသို့ သင်တန်းသား သင်တန်းသူ ၄၅ ဦး တက်ရောက်ကြပြီး ဧည့်ကြိုဝန်ဆောင်မှု၊ အစားအစာနှင့် အဖျော်ယမကာဧည့်ခံကျွေးမွေးမှု၊ စီမံခင်းကျင်းမှု၊ အိပ်ခန်းဆောင် ထိန်းသိမ်းမှုစသည့် ဘာသာရပ်လေးမျိုးကို နှစ်လကြာစာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော်ရှိ ဟိုတယ်များ၏ အော်ဂဲနစ်အသီးအနှံထုတ်ကုန်များ၊ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ ခင်းကျင်းပြသမှုများနှင့်နေရောင် ခြည်စွမ်းအင်သုံး ဆိုလာစနစ် အသုံးချနေမှုအစီအမံများကို ကြည့်ရှုအားပေးပြီး အရည်အသွေး ရှိသောထုတ်ကုန်များ ဖြစ်လာစေရေး ကြိုးစားကြရန်မှာကြားသည်။
ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်း စနစ်တကျ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းနယ်ပယ်ရှိ လုပ်ငန်းလုပ်ကိုင်သူများ၏ အရည်အသွေးများ ဖွံ့ဖြိုးတိုးတက်လာရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိလာပြီး တစ်ဦးချင်းဝင်ငွေ တိုးတက်ရရှိရေး၊ ခရီးသွားလုပ်ငန်းမှတစ်ဆင့် ဆင်းရဲနွမ်းပါးမှုလျှော့ချနိုင်ရေးတို့ကို ရည်ရွယ်၍ ဟိုတယ်နှင့်ခရီးသွားဝန်ဆောင်မှု သင်တန်းများနှင့် ဘာသာစကားသင်တန်းများကို နေပြည်တော်အပါအဝင်တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် စဉ်ဆက်မပြတ် ဖွင့်လှစ်ပေး လျက်ရှိကြောင်းသိရသည်။
သတင်းစဉ်