ရန်ကုန် ဒီဇင်ဘာ ၁၆
(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့ ပြည်သူ့ဆေးရုံ၏ တိုးချဲ့နှစ်ထပ်ကုသဆောင်သစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဆေးရုံ၌ ကျင်းပသည်။
အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ဧရာဝတီ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး တင်ဇော်ထွန်း၊ ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မြတ်ဝဏ္ဏစိုး၊ ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် မြို့မိမြို့ဖများ တက်ရောက်ကြသည်။
ရှေးဦးစွာ ဆေးကုသဆောင်သစ်ကို ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသ ကြီးဝန်ကြီးချုပ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က တိုးချဲ့နှစ်ထပ်ကုသဆောင်သစ်ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကုသဆောင်သစ် ကြေးပြားကမ္ပည်းမော်ကွန်းကို အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။
ယင်းနောက် ဖွင့်ပွဲအခမ်းအနားမဏ္ဍပ်၌ ပြည်ထောင်စုဝန်ကြီးက ကျန်းမာရေးဝန်ကြီး ဌာနလက်အောက်ရှိ ပြည်သူ့ဆေးရုံပေါင်း ၁၁၇၈ ရုံအနက် ဧရာဝတီတိုင်းဒေသကြီးတွင် ဆေးရုံ ၁၃၃ ရုံ ခွင့်ပြုထားရှိကာ အဆောက်အအုံ ဆောက်လုပ်ဆဲနှင့် အဆောက်အအုံ မရှိသေးသည့် တိုက်နယ်ဆေးရုံ ရှစ်ရုံမှအပ ဆေးရုံများအားလုံး လည်ပတ်ဆောင်ရွက်လျက်ရှိပြီး တစ်နေ့ပျမ်းမျှ အတွင်းလူနာပေါင်း ၃၀၀၀ ကျော်ကို လက်ခံကုသပေးလျက်ရှိပါကြောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီလက်ထက် ဧရာဝတီတိုင်းဒေသကြီးအတွင်း ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ဟင်္သာတပြည်သူ့ဆေးရုံကြီး တိုးချဲ့သုံးထပ်ဆောင်သစ်ကို ဖွင့်လှစ်နိုင်ခဲ့ပြီး ခရိုင်ကုသရေး ဦးစီးဌာနရုံးနှစ်ရုံး တိုးချဲ့ဖွဲ့စည်းခွင့်ပြုမှုရရှိခဲ့ပါကြောင်း၊ ဆေးရုံရေရှည်ဖွံ့ဖြိုးတိုးတက်ပြီး ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှု တိုးမြှင့်ဆောင်ရွက်နိုင်စေရေးနှင့် ပြည်သူလူထုအားကိုးရသည့် ဆေးရုံဖြစ်စေရေး ဝိုင်းဝန်းထိန်းသိမ်း ကြိုးပမ်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဧရာဝတီတိုင်းဒေသကြီးအတွင်း ကျန်းမာရေး စောင့်ရှောက်မှု ပိုမိုလွှမ်းခြုံနိုင်စေရန် အထူးကုဆရာဝန်ကြီးများ အပါအဝင် ပြည်သူ့ဆေးရုံများမှ ဆရာဝန်၊ သူနာပြုများက ကျေးရွာများသို့ ကွင်းဆင်းကုသရေးလုပ်ငန်းများလည်း ဆောင်ရွက်လျက်ရှိပြီး သွားလာရခက်ခဲ သော နေရာများအတွက်လည်း တပ်မတော်ရေယာဉ်ဖြင့် နယ်လှည့်ကုသခြင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဤဆေးရုံကြီး ရေရှည်ဖွံ့ဖြိုးတိုးတက်ပြီး ပြည်သူများ အားကိုးယုံကြည်ရသော ဆေးရုံကြီးဖြစ်အောင် အားလုံးဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက် ပေးကြရန် ပြောကြားသည်။
ယင်းနောက် ကျိုက်လတ်မြို့နယ် ကုသရေးဦးစီးဌာနမှူး ဒေါက်တာမင်းသိန်းက ကျေးဇူး တင်စကားပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆေးရုံအဆောက်အအုံသစ်နှင့် လူနာဆောင်များကို လှည့်လည်ကြည့်ရှုကြကာ လူနာများကို အားပေးစကားပြောကြား၍ စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ပြီး ဆေးရုံအထောက် အကူပြုအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ဆုံဆွေးနွေးသည်။
ယခုဖွင့်လှစ်သည့် နှစ်ထပ်ကုသဆောင်သစ်ကို မြို့နယ်နှင့်အနီးအနားရှိလူနာများ စိတ်အေးချမ်းသာစွာ ဆေးကုသမှုခံယူနိုင်စေရန် ခေတ်မီကုသရေး စက်ကိရိယာများ၊ ဆေးဝါးများ အသုံးပြုနိုင်စေရန်ရည်ရွယ်၍ နိုင်ငံတော်၏ရန်ပုံငွေမှ ကျပ်ငွေ ၃၉၇ ဒသမ ၇၃ သန်း အကုန်အကျခံ၍ တည်ဆောက်ခဲ့ပြီး ယခုအဆောင်သစ်တွင် လူနာဆောင်များ အဓိကပါဝင်ကာ အောက်ဆီဂျင်ပေး၍ ကြပ်မတ်ကုသနိုင်သည့် (HDU)ခုတင် ငါးလုံး အပါအဝင် စုစုပေါင်း ခုတင် ၅၀ ခန့်အထိ ထားရှိအသုံးပြုနိုင်မည်ဖြစ်ကာ နောင်ကာလတွင် ထပ်မံတိုးချဲ့နိုင်မည့်ပုံစံဖြင့် တည်ဆောက်ထားကြောင်း သိရသည်။
သတင်းစဉ်