ရန်ကုန် ဒီဇင်ဘာ ၁၆
ပြန်ကားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့ညနေပိုင်းက ရန်ကုန်မြို့ပြည်လမ်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကားတွင် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုညစာ စားပွဲ၌ ဖျော်ဖြေတင်ဆက်မည့် နိုင်ငံတော်သံစုံတီးဝိုင်း တီးခတ်လေ့ကျင့်မှုကို ကြည့်ရှုအားပေးသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် မြန်မာ့အသံနှင့်ရုပ်မြင်သံကား စတူဒီယို(ဘီ)တွင် နိုင်ငံတော်သံစုံတီးဝိုင်းအဖွဲ့၏ MNSO Overture သံစဉ်ဖြင့် အဖွင့်တီးခတ်ဖျော်ဖြေမှု၊ စန္ဒရားလှထွဋ် ရေးစပ်သီဆိုထားသည့် “အချစ်ဘယ်ကစ”၊ “အလှသစ္စာတရား” တေးသီချင်းများဖြင့် တီးခတ်ဖျော်ဖြေသီဆိုမှုနှင့် X Conon D Major သံစဉ်တီးခတ်မှုတို့ကို ကြည့်ရှုအားပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်သံစုံတီးဝိုင်းအဖွဲ့အား တွေ့ဆုံမှာကြားရာတွင် ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၄ ရက် တွင်ကျရောက်မည့် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့သည် မြန်မာနိုင်ငံအတွက် အထူးအရေးပါသည့် ဂုဏ်ယူဖွယ်ရာ နေ့ထူးနေ့မြတ်ဖြစ်ပြီး (၇၅) နှစ် ဆိုသည့် စိန်ရတုအချိန်အခါနှင့် တိုက်ဆိုင်မှုမှာလည်း ကြုံတောင့်ကြုံခဲအခွင့်အရေးတစ်ခု ဖြစ်ပါကြောင်း၊ ထိုကဲ့သို့ နေ့ထူးနေ့မြတ်တွင် ခမ်းနားထည်ဝါစွာနှင့် ဂုဏ်ယူစွာ ကျင်းပပြုလုပ်မည့် အခမ်းအနားများအနက်မှ ဂုဏ်ပြုညစာစားပွဲ အခမ်းအနားတွင် နိုင်ငံတော်သံစုံတီးဝိုင်းအနေနှင့် ပထမဆုံးအကြိမ်အဖြစ် ပါဝင်ဖျော်ဖြေခွင့် ရရှိခြင်းဖြစ်ပါကြောင်း၊ ထိုကဲ့သို့ ဖျော်ဖြေခွင့် ရရှိချိန်တွင် တစ်ဦးချင်းစီမှစပြီး တစ်ဖွဲ့လုံးအနေဖြင့် အချိုးညီစွာ ပေါင်းစပ်တီးခတ်မှုနှင့် မြိုင်မြိုင် ဆိုင်ဆိုင်ဖျော်ဖြေနိုင်ရန် လိုအပ်ပါကြောင်း၊ ထိုကဲ့သို့ ဖျော်ဖြေတင်ဆက်ရသည့်အတွက် တစ်ဦးချင်းလေ့လာမှုနှင့် တစ်ဖွဲ့လုံးစုပေါင်းလေ့ကျင့်မှုတို့အပြင် ဝတ်စုံမှစ၍သပ်သပ်ရပ်ရပ်ဖြစ်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်းမှာကြားပြီး နိုင်ငံတော်သံစုံတီးဝိုင်းအဖွဲ့အား ဂုဏ်ပြုဆုငွေများ ပေးအပ်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား အဆောက်အအုံ မြေညီထပ်တွင် ခင်းကျင်းပြသထားသည့် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကျင်းပပြုလုပ်လျက်ရှိသည့် “တူယှဉ်နွှဲပျော် ဂီတပွဲတော်” Season-2 သီချင်းဆို ပြိုင်ပွဲတွင် ချီးမြှင့်ရန်ပြင်ဆင်ခင်းကျင်းပြသထားသည့် ဆုတံဆိပ်များနှင့် ဂုဏ်ပြုမှတ်တမ်းများအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်