နေပြည်တော် ဒီဇင်ဘာ ၁၆
လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်ရေးရာကိစ္စရပ်များကို စနစ်တကျထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ မြန်မာနိုင်ငံ လူငယ်ရေးရာ ဗဟိုကော်မတီ ညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၁/၂၀၂၂) ကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ရုံးအမှတ်(၃၁)၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ စုပေါင်း အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက တိုင်းပြည်၏ အခန်းကဏ္ဍအားလုံး ပခုံးပြောင်းတာဝန်ထမ်းဆောင်မည့် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးနှင့် နိုင်ငံ့သားကောင်းလူငယ်များ ပေါ်ထွန်းလာစေရေးအတွက် စနစ်တကျပြုစုပျိုးထောင်ပေးရန် လိုအပ်ကြောင်း၊ လူငယ်များ၏ အခွင့်အရေးအပြည့်အဝရရှိစေရန်၊ အခန်းကဏ္ဍမြှင့်တင်ရန်တို့ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ၊ မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်းကော်မတီနှင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လူငယ်ရေးရာကော်မတီတို့ကို ဖွဲ့စည်းပေးခဲ့ပြီးဖြစ်ကြောင်း။
လူငယ်ရေးရာမူဝါဒတွင်ပါရှိသည့် အဓိကကဏ္ဍ(၁၆)ရပ်ကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ခရိုင်/ မြို့နယ်ကော်မတီများကို စနစ်တကျဖွဲ့စည်းထားရှိရေး၊ ကော်မတီ၏ လုပ်ငန်းတာဝန်များကို ကော်မတီအဖွဲ့ဝင်များမှ ထဲထဲဝင်ဝင် သိရှိနားလည်ပြီး နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို လျင်လျင်မြန်မြန် အကောင်အထည်ဖော်ဆောင်ရွက်ရန်နှင့် လူငယ်များကို အားကစားနှင့်စည်းရုံးလှုံ့ဆော်ပြီး စနစ်တကျ ပြန်လည်ပြုစုပျိုးထောင်ပေးရန်လိုကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် လူငယ်စင်တာများထူထောင်ရန် လိုအပ်ကြောင်း၊ မသန်စွမ်းလူငယ်များ၏ အခွင့်အရေးများကို ကာကွယ်ရေးနှင့် ဘဝမြှင့်တင်ပေးနိုင်ရေးကိုလည်း ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ နိုင်ငံတကာ လူငယ်အဖွဲ့အစည်းများ၊ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများနှင့် ထိတွေ့ဆက်ဆံပြီး လူငယ်များ အကျိုးအတွက် ပိုမိုဆောင်ရွက်သွားရန်လိုကြောင်း၊ မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီဝင်များအားလုံးနှင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် လူငယ်ရေးရာ ကော်မတီဝင်များအားလုံး ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြရန် ပြောကြားသည်။
ဆက်လက်ပြီး မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသော ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်တို့က မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီ၏ ရှေ့လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်နိုင်ရေး အတွက် တာဝန်ရှိသူများအားလုံး ကျရာအခန်းကဏ္ဍမှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြ စေလိုကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံ လူငယ်ရေးရာလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်းက လူငယ်များဘက်စုံဖွံ့ဖြိုးတိုး တက်ရေးကဏ္ဍများ၊ မဟာဗျူဟာစီမံချက်များ၊ ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး အစည်းအဝေးသို့ တက်ရောက်လာကြသော ဗဟိုကော်မတီအဖွဲ့ဝင်များ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လူငယ်ရေးရာကော်မတီဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများက လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ်များနှင့် ရှေ့ဆက်လက် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးတင်ပြရာ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် ဒုတိယဥက္ကဋ္ဌတို့က လိုအပ်သည်များ ထပ်မံဖြည့်စွက် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်