Skip to main content

တရားမဝင် သစ်မျိုးစုံ၊ စားသောက်ကုန်၊ လူသုံးကုန်၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော် ဒီဇင်ဘာ ၁၅

တရားမဝင် ကုန်သွယ်မှုတိုက်ဖျက် ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၁၄ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျစစ်ဆေးရေး အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ လေဆိပ်ကုန်လှောင်ရုံ၌ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်း မရှိသည့် Black Box ကိုးလုံးအပါအဝင် လျှပ်စစ်ဆက်စပ်ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၅၇၀၀၀၀) ကို လည်းကောင်း၊ မြန်မာစက်မှုဆိပ်ကမ်း ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာနှစ်လုံးအတွင်း၌ ကုမ္ပဏီမှ ကုန်ပစ္စည်းများစွန့်လွှတ်ကြောင်း လျှောက်ထားလာသော ကြွေပြားချပ်များအပါအဝင် ကုန် ပစ္စည်းလေးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၀၃၅၀၀၀၀) ကိုလည်းကောင်း၊ ရှမ်းပြည်နယ် ရေပူအမြဲတမ်း စစ်ဆေးရေးစခန်း၌ တာဝန်ကျ ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ စံလောင်းကျေးရွာအနီး ရှောင်ကွင်းလမ်း တစ်နေရာတွင် ပိုင်ရှင်မဲ့စုပုံထားသော မိုဘိုင်းလ်ဖုန်းအလုံး ၁၀၀ နှင့် မုန့်ပိုးသတ်စက်နှစ်လုံး (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၀၀၀၀၀၀) ကိုလည်း ကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၄၉၂၀၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံး လုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက် ရှိသည်။

အလားတူ ကရင်ပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က ကင်းလှည့်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြဝတီမြို့ အမှတ်()ရပ်ကွက် ဘုရင့်နောင်လမ်းမကြီး ခရစ်ယာန်ကျောင်းအနီး၌ မော်တော်ယာဉ် တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် အားဖြည့်အချိုရည် ဖာ ၈၀၊ ဘီယာ ဖာ ၈၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၁၆၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသော မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်း တန်ဖိုးငွေကျပ် ၉၀၁၆၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ရှမ်းပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာချီ လိတ်မြို့ မယ်ယန်းပူးပေါင်းစစ်ဆေးရေးစခန်း၌ တာဝန်ကျပူးပေါင်း စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် လျှပ်စစ်ပန်ကာ ၇၆ လုံး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၄၃၂၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် တနင်္သာရီတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တပ်မတော်ထောက်ပံ့ရေးရေယာဉ် (၆၁၁)မှ စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မြိတ်ခရိုင် ကျွန်းစုမြို့နယ် ရေမြစ်ကြီးကျေးရွာအုပ်စု မင်းကြီးကျွန်းမြောက်ဘက် သုံးမိုင်ခန့်အကွာ ရေပြင်၌ စက်လှေတစ်စင်းပေါ်မှ တရားမဝင် ကံ့ကော်သစ်ခွဲသားနှင့် တောင်ပရုန်းသစ် ခွဲသား ဒသမ ၃၀၁၈ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၄၅၂၇၀)နှင့် အဆိုပါ သစ်များတင်ဆောင်သော သစ်သား ကိုယ်ထည် စက်လှေတစ်စင်းအပါအဝင် ဆက်စပ်ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၅၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၉၅၂၇၀ ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက် ရှိသည်။

၎င်းအပြင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံ ခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဦးဆောင်သော စစ်ဆေးရေးအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မုံရွာမြို့၌ MSX အမျိုးအစား လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်နှစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၀၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက် ရှိသည်။

ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပဲခူးခရိုင်နှင့် ညောင်လေးပင်ခရိုင်တို့အတွင်း တရားမဝင် သစ်မျိုးစုံ ဒသမ ၅၀၀၀ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၇၅၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက် ရှိသည်။

သို့ဖြစ်ပါ၍ ဒီဇင်ဘာ ၁၄ ရက်တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၂) မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၈၁၃၀၇၇၀) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်