Skip to main content

မဲခေါင်မြစ်ဝှမ်းဒေသတွင်း လူကုန်ကူးမှု ပူးပေါင်းတိုက်ဖျက်ရေးစီမံကိန်း (COMMIT) ၏ COMMIT Regional Task Force (COMMIT RTF) အစည်းအဝေးကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၁၅

မဲခေါင်မြစ်ဝှမ်းဒေသတွင်း လူကုန်ကူးမှုပူးပေါင်း တိုက်ဖျက်ရေးစီမံကိန်း (COMMIT) COMMIT Regional Task Force (COMMIT RTF) အစည်း အဝေးကို ယနေ့နံနက် နာရီခွဲတွင် ရုံးအမှတ် (၃၈) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှူးရုံး၊ အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ အစည်းအဝေးသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ မှူး၊ ရဲမှူးချုပ် မြင့်ထူး ဦးဆောင်သော ဌာနဆိုင်ရာကိုယ်စားလှယ်များ COMMIT အဖွဲ့ဝင် နိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံတို့မှ ကိုယ်စားလှယ်များ၊ COMMIT အတွင်းရေးမှူးရုံးမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

အစည်းအဝေးတွင် သဘာပတိအဖြစ်ဆောင်ရွက်သည့် ထိုင်းနိုင်ငံ၊ လူမှုဖွံ့ဖြိုးရေးနှင့် လူသားလုံခြုံရေး ဝန်ကြီးဌာန (MSDHS) အမြဲတမ်းအတွင်းဝန်က အဖွင့်အမှာစကားပြောကြားပြီး လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့မှူး၊ ရဲမှူးချုပ် မြင့်ထူး က လွန်ခဲ့သော နှစ်နှစ်အတွင်း ပေါ်ပေါက် လာသော လူကုန်ကူးမှု လမ်းကြောင်းသစ်များ၊ မဲခေါင်ဒေသခွဲအတွင်း လုပ်ငန်းစီမံချက် (SPA IV) အကောင်အထည်ဖော်ခြင်း၏ သက်ရောက်မှုနှင့် ရရှိခဲ့သော သင်ခန်းစာများနှင့်စပ်လျဉ်း၍ ရှင်းလင်း ဆွေးနွေးရာတွင် ဒေသတွင်း လူကုန်ကူးမှုဖြစ်ပွားရခြင်း၏ အဓိကအကြောင်းရင်းများမှာ အလုပ် အကိုင်အခွင့်အလမ်းနည်းပါးခြင်း၊ ဆင်းရဲနွမ်းပါးခြင်း၊ အသိပညာနည်းပါးခြင်း၊ အလုပ်အကိုင်ဆိုင်ရာ သတင်းအချက်အလက် အပြည်အစုံမရရှိခြင်း၊ ယုံကြည်လွယ်ခြင်း၊ နိုင်ငံများအကြားကျင့်သုံးသော ဥပဒေစနစ်မတူညီခြင်း၊ ဆိုက်ရောက်နိုင်ငံများ၏ တရားမဝင်လုပ်သား လိုအပ်ချက်များပြားခြင်းနှင့် တရားမဝင် နယ်စပ်ဖြတ်ကျော်မှုများကို ထိန်းချုပ်နိုင်မှု အားနည်းခြင်းတို့ကြောင့် ဖြစ်ကြောင်း။

မြန်မာနိုင်ငံအတွင်း ဖြစ်ပွားလေ့ရှိသည့် လူကုန်ကူးမှုပုံစံများမှာ အဓမ္မထိမ်းမြားလက်ထပ်မှု၊ အဓမ္မ ပြည့်တန်ဆာပြုမှု၊ အဓမ္မစေခိုင်းမှု၊ ကြွေးမြီဖြင့် နှောင်ဖွဲ့ခိုင်းစေမှု၊ အဓမ္မမွေးစားမှု၊ အငှားကိုယ်ဝန် ဆောင်မှု၊ ကလေးရောင်းစားမှုနှင့် လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်မှုတို့ဖြစ်ကြောင်း၊ လူကုန်ကူးမှုကို ဦးတည်နေပြီး အွန်လိုင်းမှတစ်ဆင့် အဓမ္မလိမ်လည် စေရန်လူစုဆောင်းသည့် ဖြစ်စဉ်များလည်း ဖြစ်ပွား လျက်ရှိကြောင်း၊ အဆိုပါဖြစ်စဉ်များတွင် အနည်းဆုံး နိုင်ငံ သုံးနိုင်ငံ ပါဝင်ပတ်သက် နေကြောင်း၊ COMMIT အဖွဲ့ဝင်နိုင်ငံများအနေဖြင့် မိမိတို့ဒေသတွင်း တည်ငြိမ်မှု၊ လုံခြုံမှု၊ ဂုဏ်သိက္ခာတရားများကို ကာကွယ်နိုင်ရန် ယခုလိုဖြစ်စဉ်မျိုးကို အလေးထား ပူးပေါင်းကာကွယ်သွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ထို့နောက် COMMIT အဖွဲ့ဝင်နိုင်ငံများက လွန်ခဲ့သော နှစ်နှစ်အတွင်း ပေါ်ပေါက်လာသော လူကုန် ကူးမှုလမ်းကြောင်းသစ်များ၊ မဲခေါင်ဒေသခွဲတွင်း လုပ်ငန်းစီမံချက် (SPA IV) အကောင်အထည် ဖော်ခြင်း၏ သက်ရောက်မှုနှင့် ရရှိခဲ့သော သင်ခန်းစာများ၊ နိုင်ငံဖြတ်ကျော်လွှဲပြောင်းညွှန်းပို့မှု ယန္တရား (Transnational Referral Mechanism-TRM) ဖွံ့ဖြိုးမှုတိုးတက်မှု၊ မဲခေါင်ဒေသခွဲတွင်း လုပ်ငန်းစီမံချက် (SPA V) ရေးဆွဲဖော်ထုတ်ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်