Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မချမ်းဘော့မြို့နယ်ရှိ ရှေးဟောင်းသမိုင်းဝင် ကောင်းမှုလုံ စေတီတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော်ကြည်ညို၊ ရဝမ်ယဉ်ကျေးမှုပြတိုက်သို့ သွားရောက်ကြည့်ရှုလေ့လာ

နေပြည်တော် ဒီဇင်ဘာ ၁၄

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီးဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်နှင့် ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်နှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ ကောင်းမှုလုံကျေးရွာ၊ နမ့်ကျို(မလိခ)မြစ်ကမ်းနံဘေးတွင် တည်ထားကိုးကွယ်သည့် ရှေးဟောင်းသမိုင်းဝင် ကောင်းမှုလုံစေတီတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော်ကြည်ညိုသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များအား ပူတာအိုခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးခေါင်လန်တီး၊ စေတီတော်မြတ်ကြီးဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးသန့်ဆိုင်နှင့် အဖွဲ့ဝင်များ၊ ဒေသခံတိုင်းရင်းသားပြည်သူများက လှိုက်လှဲနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် ကောင်းမှုလုံစေတီတော်မြတ်ကြီးအတွင်းရှိ ဗုဒ္ဓ ရုပ်ပွားတော်မြတ်အား ပန်း၊ ရေချမ်း ကပ်လှူပူဇော်၍ ဖူးမြော်ကြည်ညိုကြသည်။

ယင်းနောက် စေတီတော်မြတ်ကြီးအား လက်ယာရစ်လှည့်လည် ဖူးမြော်ကြည်ညိုပြီး စေတီတော်မြတ်ကြီး ရေရှည်တည်တံ့ခိုင်မြဲရေး၊ ဘုရားဖူးလာ မိဘပြည်သူများ စိတ်အေး ချမ်းသာစွာ ဖူးမြော်နိုင်ရေး၊ သန့်ရှင်းသပ်ရပ်ပြီး ကြည်ညိုဖွယ်ဖြစ်စေရေးတို့နှင့် ပတ်သက်၍ လိုအပ်သည်များ မှာကြားသည်။

 ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က စေတီတော်မြတ်ကြီး ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးပြီး စေတီ တော်မြတ်ကြီး ဘက်စုံပြုပြင်ထိန်းသိမ်းရန်အတွက် အလှူငွေများပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လက်ခံရယူကြပြီး ဂုဏ်ပြုမှတ်တမ်းလွာ ပြန်လည် ပေးအပ်သည်။

အဆိုပါ ရှေးဟောင်းသမိုင်းဝင် ကောင်းမှုလုံစေတီတော်မြတ်ကြီးကို သာသနာသက္ကရာဇ် ၂၄၄ ခုနှစ် သီရိဓမ္မာသောကမင်းကြီးလက်ထက်တွင် မြတ်စွာဘုရား၏ ဓာတ်တော်သုံးဆူကို ဌာပနာသွင်း၍ တည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်ကြောင်း၊ ခေတ်အဆက်ဆက်၊ မင်းအဆက်ဆက် တို့က စေတီတော်မြတ်ကြီးကို . ပြုပြင်မွမ်းမံ တည်ဆောက်ထိန်းသိမ်းခဲ့ကြပြီး မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာဝင်အပေါင်းတို့၏ နှုတ်ဖျားတွင်လည်း အထက်တွင် ကောင်းမှုလုံ၊ အောက်တွင် ရွှေတိဂုံ၊ အလယ်တွင် ရွှေစည်းခုံ ဟူ၍ ကျော်ဇောထင်ရှားသပ္ပါယ်စွာဖြင့် တည်ရှိလျက် ရှိကြောင်း၊ ကောင်းမှုလုံစေတီတော်မြတ်ကြီးသည် အလွန်ရှေးကျသော စေတီတော်ကြီးဖြစ်ပြီး တိုင်းခမ်းတီး ရှမ်းတိုင်းရင်းသားဘာသာစကားဖြင့် ကောင်မူးစဝ်ကန်ခမ်း ရွှေဆတ်မင်း စေတီတော် ဟူ၍လည်းကောင်း၊ ခမ်းတီးလုံဒေသရှိ စေတီအားလုံးထက် ပုံတော်၏အရွယ်အစား ကြီးခြင်း၊ ဉာဏ်တော်မြင့်မားခြင်း၊ တန်ခိုးအာနုဘော် ပိုမိုကြီးမားမြင့်မြတ်ခြင်းတို့ကြောင့် (စဝ်ကောင်းမှုလုံ) ကြီးမြတ်သော စေတီတော်ဟူ၍လည်းကောင်း၊ ရည်စူးပူဇော် ခေါ်ဝေါ် ခဲ့ကြကြောင်း စေတီတော်ဘက်စုံပြုပြင်မွမ်းမံခြင်း မှတ်တမ်းများအရ သိရှိရသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပူတာအိုမြို့၊ ဒုတ္ထန်ရပ်ကွက်ရှိ ရဝမ်အမျိုးသားဥယျာဉ်ရှိ ရဝမ်ယဉ်ကျေးမှုပြတိုက်သို့ ရောက်ရှိကြရာ မြန်မာနိုင်ငံ ရဝမ်စာပေနှင့်ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ ဦးရယ်ဒမ်းတန်နှင့် ရဝမ်တိုင်းရင်းသားတို့က ရဝမ်တိုင်းရင်းသားရိုးရာ တူရိယာများတီးမှုတ်၍ ရင်းနှီးနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ကျောက်လက်နက်ကိရိယာပြကွက်၊ ကျောက်ဖြင့်ပြုလုပ်ထားသည့် အသုံးအဆောင် ပစ္စည်းများပြကွက်၊ သစ်သားထည်အိုးခွက်ပန်းကန် အသုံးအဆောင်များ ပြကွက်၊ သစ်သားနှင့် ကြိမ်နှီးရက် ဦးဆောင်းများပြကွက်၊ ရိုးရာတူရိယာပြကွက်၊ ဝါးနှီးရက် အသုံးအဆောင် ပစ္စည်းများပြကွက်၊ ကြိမ်နှီးဖြင့် ရက်လုပ်သော အသုံးအဆောင်ပစ္စည်းများ ပြကွက်၊ ဓါး၊ လှံ၊ ပုဆိန်၊ လေးမြှားလက်နက်များ ပြကွက်၊ ဝါး အသုံးအဆောင်ပစ္စည်းများပြကွက်၊ ရိုးရာ ခရီးဆောင်လွယ်အိတ်များ ပြကွက်၊ ဒေသထွက် တိုင်းရင်းဆေးများပြကွက်၊ ရိုးရာဂျက်ခုတ် အထည်ရက်ကိရိယာများပြကွက်၊ ရဝမ်ရိုးရာ လက်ဝတ်ရတနာများပြကွက်၊ ရဝမ်လူမျိုးများ ဆင်းသက်လာရာပြမြေပုံ၊ နိုင်ငံတော်ခေါင်းဆောင်များနှင့် ပြည်နယ်ယဉ်ကျေးမှု ခေါင်းဆောင်များပြကွက်တို့ကို ပြကွက်တစ်ခုချင်းစီအလိုက် လိုက်လံကြည့်ရှုကြရာ ဦးရယ်ဒမ်းတန်နှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။

ရှင်းလင်းတင်ပြမှုများနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က ရဝမ်တိုင်းရင်းသားတို့၏ ယဉ်ကျေးမှုနှင့်သမိုင်းကို ထိန်းသိမ်းနိုင်ခြင်းအတွက် ဝမ်းမြောက်ဂုဏ်ယူကြောင်း၊ ရှေးဟောင်းရိုးရာ လက်မှုအသုံးအဆောင်များသည် အဖိုးမဖြတ် နိုင်သည့် သမိုင်းအထောက်အထားများဖြစ်သဖြင့် ရေရှည်တည်တံ့မှုရှိစေရေး စနစ်တကျ ထိန်းသိမ်းရန်နှင့် သန့်ရှင်းသပ်ရပ်စွာ ပြသထားရှိရန်လည်းလိုကြောင်း၊ သဘာဝဘေး အန္တရာယ်နှင့် ပိုးမွှားများ၏ဖျက်ဆီးမှုကြောင့် ပျက်စီးယိုယွင်းမှုများ မဖြစ်စေရန်လည်း ထိန်းသိမ်းစောင့်ရှောက်ရမည်ဖြစ်ကြောင်းဖြင့် မှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ရဝမ် ယဉ်ကျေးမှုပြတိုက် ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် အမှတ်တရ လက်မှတ်ရေးထိုးခဲ့ပြီး ရဝမ်ရိုးရာ ရိန်ဒန် (ခေါ်) မနောတိုင်ရှေ့တွင် ရဝမ်တိုင်းရင်းသားများနှင့် အတူတကွ စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။