ရန်ကုန် ဒီဇင်ဘာ ၁၃
နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ လမ်းညွှန်များ၊လမ်းအမှတ်အသားများနှင့် အချက်ပြများ တစ်ပြေးညီဖြစ်စေရေး ဗဟိုကြီးကြပ်ရေးအဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီး ကြီးကြပ်ရေးအဖွဲ့တို့ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန် မြို့တော် Traffic Control Centre ၌ ကျင်းပရာ ဗဟိုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင် ဦးဆောင်၍ ရန်ကုန်တိုင်းဒေသကြီး ကြီးကြပ်ရေးအဖွဲ့ဝင်များ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဗဟိုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌက နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် လမ်းညွှန်၊ လမ်းအမှတ်အသားများ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တစ်ပြေးညီဖြစ်စေရေး ဆောင်ရွက်လျက်ရှိ ကြောင်း၊ မြန်မာနိုင်ငံသည် 1968 Vienna Convention on Road Traffic နှင့် 1968 Vienna Convention on Road Signs and Signals တို့သို့ ၂၀၁၉ ခုနှစ်တွင် အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်ခဲ့ပြီးဖြစ်သည့်အတွက် လက်ရှိထုတ်ပြန်ကျင့်သုံးလျက်ရှိသည့် လမ်းညွှန်များ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများသည် Vienna Convention ပါ ပြဋ္ဌာန်းချက်များကို အခြေခံ ထားခြင်းဖြစ်ကြောင်း၊ လမ်းညွှန်များ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများ (၂၀၂၂ ခုနှစ်) ညွှန်ကြားချက်သည် အချိန်ကာလကြာမြင့်မှုမရှိသေးသည့်အတွက် လိုအပ်ချက်များရှိပါက ဗဟိုကြီးကြပ်ရေးအဖွဲ့သို့ အကြံပြုပေးစေလိုပါကြောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် ကြီးကြပ်ရေးအဖွဲ့များအနေဖြင့် ယာဉ်တိုက်ခိုက်မှုအန္တရာယ်ရှိနိုင်သည့် လမ်းပိုင်းများသို့ အခါအားလျော်စွာ ကွင်းဆင်းစစ်ဆေးလျက် Road Audit ဆောင်ရွက်မှုများ ပြုလုပ်သွားကြရန် ဖြစ်ကြောင်း မှာကြားသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ကြီးကြပ်ရေး အဖွဲ့ဥက္ကဋ္ဌ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးချုပ် မျိုးမင်းထိုက်နှင့် ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးဗိုလ်ဌေးတို့က ကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား) ဌာနမှူး ဦးလင်းခိုင်က ဆောင်ရွက်ထားရှိမှုများကိုလည်းကောင်း၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန အင်ဂျင်နီယာမှူးကြီး ဒေါ်ဖြူဖြူဝင်းက ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ် သုံးမြို့နယ်၌ Road Audit ဆောင်ရွက်ခဲ့မှုများကို လည်းကောင်း ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ကြီးကြပ်ရေး အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ဝိုင်းဝန်း ဆွေးနွေးအကြံပြုခဲ့ကြပြီး ဗဟိုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးက လမ်းညွှန်များ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများ (၂၀၂၂ ခုနှစ်) ညွှန်ကြားချက်နှင့်အညီ ရန်ကုန်တိုင်းဒေသကြီးအတွင်း တစ်ပြေးညီ ပြည့်စုံမှန်ကန်မှုရှိစေရေး သက်ဆိုင်ရာဌာနအဖွဲ့အစည်းများ အလေးထား ပူးပေါင်းဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်