နေပြည်တော် ဒီဇင်ဘာ ၁၃
ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေး ချေးငွေစီမံခန့်ခွဲမှု လုပ်ငန်းအဖွဲ့၏ စတုတ္ထအကြိမ် အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ဆီစက် လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေ စီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေး ချေးငွေအတွက် လိုအပ်သော ရန်ပုံငွေရရှိနိုင်ရန် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီက ခွင့်ပြုခဲ့ပါကြောင်း၊ ဆီစက်လုပ်ငန်းရှင်များ သို့ ချေးငွေထုတ်ချေးနိုင်ရေး နိုင်ငံပိုင်သတင်းစာများမှအသိပေး ကြေညာဆောင်ရွက်လျက်ရှိကြောင်း၊ ဆီစက်လုပ်ငန်း ဖွံ့ဖြိုး ရေး ချေးငွေအတွက် အတိုးနှုန်းနှင့် ချေးငွေဆိုင်ရာ စည်းကမ်းချက်များ သတ်မှတ်ပြီး သက်ဆိုင်ရာဌာနအဖွဲ့အစည်းများနှင့် ဘဏ်များအနေဖြင့် ချေးငွေထုတ်ချေး ရေး လုပ်ငန်းစဉ်များကို အချိတ်အဆက်မိမိ ဆက်လက်ဆောင်ရွက်သွားရန် ပြောကြားသည်။
ထို့နောက် လုပ်ငန်းအဖွဲ့ အတွင်းရေးမှူး မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်၊ ဦးဆောင် ညွှန်ကြားရေးမှူး ဦးမင်းသူက လုပ်ငန်းဆောင်ရွက်ထားရှိမှုများအပေါ် ရှင်းလင်းတင်ပြပြီးလုပ်ငန်း အဖွဲ့ဝင်များက ချေးငွေအတွက် အတိုးနှုန်း၊ ဘဏ္ဍာရေးလုပ်ငန်းဆိုင်ရာ လုပ်ထုံး၊ လုပ်နည်း စည်းမျဉ်းအရ ဘဏ္ဍာရန်ပုံငွေ ထူထောင်ခြင်း၊ ချေးငွေသက်တမ်းနှင့် ချေးငွေပြန်ဆပ်ကာလတို့နှင့် စပ်လျဉ်း၍ ချေးငွေလုပ်ငန်းစဉ်များ၊ ဆီစက်လုပ်ငန်းများ ရေရှည် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို အကြံပြုဆွေးနွေးကြရာ လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌက ပေါင်းစပ် ညှိနှိုင်းပေးပြီး လိုအပ်သော ဆုံးဖြတ်ချက်များ ချမှတ်ကြသည်။
အစည်းအဝေးသို့ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်း အသင်းချုပ်၊ မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များအသင်းနှင့် မြန်မာနိုင်ငံဘဏ်များအသင်းတို့မှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။ သတင်းစဉ်