မနှင်းပွင့်အောင်
တွေ့ဆုံမေးမြန်း- အောင်ရဲသွင်၊ ဟိန်းမင်းစိုး/ ဓာတ်ပုံ- ကိုအေးသန်း
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည့် ဒသမအကြိမ်မြောက် အာဆီယံ ဉာဏ်စမ်းပဟေဠိ - ဒေသတွင်း အဆင့်ပြိုင်ပွဲ (10th ASEAN Quiz – Regional Level) ကို ဒီဇင်ဘာ ၁၄ ရက်တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန - ၂ ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ် မည်ဖြစ်သည်။
အာဆီယံဒေသတွင်းအဆင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများကို အာဆီယံဒေသတွင်း နိုင်ငံများ၏ ယဉ်ကျေးမှု၊ နိုင်ငံရေး၊ စီးပွားရေးနှင့်လူမှုရေးဆိုင်ရာ ဗဟုသုတများကို အာဆီယံမျိုးဆက်သစ် လူငယ်များ ကျယ်ကျယ်ပြန့်ပြန့်ပိုမိုသိရှိ နားလည်နိုင်စေရန်နှင့် အာဆီယံနိုင်ငံများအကြား မိတ်ဆွေအဖြစ်ဆက်ဆံရေးများ အပြန်အလှန်နားလည်မှုများ မြှင့်တင်နိုင်စေရန် ရည်ရွယ်ချက်ဖြင့် ကျင်းပမည်ဖြစ်ရာ ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် အာဆီယံဒေသတွင်း နိုင်ငံများမှ ကျောင်းသား ကျောင်းသူများ၊ အုပ်ချုပ်သူနည်းပြများနှင့် တာဝန်ရှိသူများကိုတွေ့ဆုံ၍ ပြိုင်ပွဲအပေါ် ၎င်းတို့၏ ခံစားချက်အမြင်များနှင့် ကြိုတင်ပြင်ဆင် ဆောင်ရွက်လာမှု အခြေအနေများကို မေးမြန်းတင်ပြလိုက်ရပါသည်။
ဦးဇေယျာ(ညွှန်ကြားရေးမှူး- အသံလွှင့်၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား)
အာဆီယံအသိုက်အဝန်း မဏ္ဍိုင် (၃)ရပ် ရှိပါတယ်။ ဒီမဏ္ဍိုင်(၃)ရပ်ရဲ့ ထူထောင်မှုလုပ်ငန်းစဉ်တွေနဲ့ ပတ်သက် ပြီး သိရှိနိုင်ဖို့ အာဆီယံဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲကို ကျွန်တော်တို့ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်နဲ့ ကျင်းပရမှာ ဖြစ်ပါတယ်။ ဒီအတွက် ကြိုတင်ပြင်ဆင်မှုတွေ ဆောင် ရွက်နေကြတာဖြစ်ပါတယ်။ အသက် ၁၅ နှစ်ကနေ ၁၈ နှစ်အတွင်းမှာရှိတဲ့ ကျောင်းသား ကျောင်းသူတွေကို ဖိတ်ကြားပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ပါဝင်ယှဉ်ပြိုင်နိုင်ဖို့ ၂၀၂၁ ခုနှစ်ကတည်းက ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ပညာရေးဝန်ကြီးဌာနတို့ ပေါင်းစပ်ပြီး ဆောင်ရွက် ပါတယ်။ မြန်မာနိုင်ငံကို လာရောက်ယှဉ်ပြိုင်နိုင်တဲ့ နိုင်ငံခြောက်နိုင်ငံနဲ့ အွန်လိုင်းကနေ ယှဉ်ပြိုင်မယ့် နိုင်ငံလေးနိုင်ငံပေါင်းစပ်ပြီး ဆောင်ရွက်မှာဖြစ်ပါတယ်။ ရောက်ရှိလာတဲ့ အာဆီယံနိုင်ငံတွေက ပြိုင်ပွဲဝင်တွေ အဆင်ပြေချောမွေ့စွာ ယှဉ်ပြိုင်နိုင်ဖို့ ဆောင်ရွက်ထားပါတယ်။ ဒီပြိုင်ပွဲကြီးကို တခြားနိုင်ငံတွေမှာ ကျင်းပခဲ့တဲ့နည်းတူ ခမ်းခမ်းနားနား ဝေဝေဆာဆာနဲ့ ကျင်းပသွားဖို့ ပြင်ဆင်ထားပါတယ်။
အခုပြိုင်ပွဲမှာ နိုင်ငံတစ်နိုင်ငံကို National level ပြိုင်ပွဲတွေကနေ အဆင့်ဆင့် ရွေးချယ်လာတဲ့ နိုင်ငံကိုယ်စားပြု သုံးဦးစီကိုမြန်မာနိုင်ငံကို ဖိတ်ခေါ်ထားတာ ဖြစ်ပါတယ်။ ဖိတ်ခေါ်တဲ့အခါမှာ မြန်မာ နိုင်ငံကလည်း ပြိုင်ပွဲဝင်သုံးဦး ရွေးချယ်ထားတာရှိပါတယ်။ ၂၀၂၂ ခုနှစ် ဇွန်လ ၁ ရက်နေ့မှာ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားရန်ကုန်မှာ နိုင်ငံတော်အဆင့် National Level ပြိုင်ပွဲအနေနဲ့ ကျင်းပပြီး သုံးဦးရွေးချယ်ခဲ့ပါတယ်။ သူတို့သုံးဦးကို ဇွန်လကနေစပြီး နိုဝင်ဘာလကုန်အထိ ဌာနဆိုင်ရာအသီးသီးက အာဆီယံရေးရာ ကျွမ်းကျင်တဲ့သူတွေနဲ့ အာဆီယံဆိုင်ရာ ဗဟုသုတတွေကို လေ့ကျင့်ပေးခဲ့ပါတယ်။ ပြိုင်ပွဲမှာ အသုံးပြုမယ့် Quiz 360 Software ကိုလည်း လေ့ကျင့်နိုင်အောင် စီစဉ် ဆောင်ရွက်ပေးခဲ့ပါတယ်။ ၂၀၂၂ ခုနှစ် ဇွန်လ ၁ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ National Level ပြိုင်ပွဲရဲ့ Video Clip ကို Youtube မှာတင်ပြီး ကျန်တဲ့နိုင်ငံ အသီးသီးက ပြိုင်ပွဲဝင် ကျောင်းသား ကျောင်းသူတွေဆီကို ဖြန့်ဝေပေးခဲ့ပါတယ်။ ကွန်ပျူတာစနစ်ရဲ့ လုပ်ဆောင် ချက်တွေနဲ့ပတ်သက်ပြီး ကျောင်းသား ကျောင်းသူတွေကို ဒီနေ့မှာ မေးခွန်းဟောင်းတွေကို ထည့်သွင်းပြီး အစမ်းလေ့ကျင့်မှာ ဖြစ်ပါတယ်။ မနက်ဖြန် ကျင်းပမယ့်ပြိုင်ပွဲမှာလည်း ဒီနေ့လေ့ကျင့် တဲ့ ကွန်ပျူတာစနစ်အတိုင်း ပြိုင်ပွဲဝင် သွားရမှာ ဖြစ်ပါတယ်။
Ms.Sky Broxlyne Roy Maxwill (မလေးရှားနိုင်ငံကိုယ်စားပြုပြိုင်ပွဲဝင်)
ဒသမအကြိမ်မြောက် အာဆီယံ ဉာဏ်စမ်းပဟေဠိ - ဒေသတွင်းအဆင့် ပြိုင်ပွဲမှာဝင်ရောက် ယှဉ်ပြိုင်နိုင်ဖို့ မလေးရှားနိုင်ငံကနေ လာရောက်တာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲကနေတစ်ဆင့် အကောင်းဆုံးအတွေ့အကြုံတွေ ရယူသွားမှာဖြစ်ပါတယ်။ အခုလို လာရောက် ယှဉ်ပြိုင်နိုင်ဖို့အတွက် ဆောင်းပါးတွေ၊ ဗဟုသုတ အကြောင်းအရာတွေကို လေ့လာထားရပါတယ်။ အကောင်းဆုံးယှဉ်ပြိုင်နိုင်ဖို့လည်း ပြင်ဆင်ထားပါတယ်။
Ms.Nabiela Syifa Zahira (အင်ဒိုနီးရှားနိုင်ငံ ကိုယ်စားပြုပြိုင်ပွဲဝင်)
ဒီပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့အတွက် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ကနေ လာရောက်တာ ဖြစ်ပါတယ်။ အရင်ကကျင်းပခဲ့တဲ့ ပြိုင်ပွဲတွေကိုကြည့်ပြီး လေ့ကျင့်တာပိုကောင်းပေမယ့် သူငယ်ချင်းတွေ တစ်ယောက်နဲ့တစ်ယောက် မေးခွန်းတွေမေးပြီး လေ့ကျင့်တာ ပိုကောင်းပါတယ်။ ပြိုင်ပွဲကို ပျော်ပျော်ရွှင်ရွှင်နဲ့ တက်ကြွစွာ ပါဝင် ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
Mr.Tran Minh Hieu (နည်းပြ၊ ဗီယက်နမ်နိုင်ငံ)
ကျွန်တော်မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် ရောက်ဖူးတာဖြစ်ပါတယ်။ လွန်စွာလှပပြီး နွေးထွေးတဲ့နိုင်ငံလည်း ဖြစ်ပါတယ်။ ကျွန်တော့် ဗီယက်နမ်အသင်းနဲ့ တစ်လလောက်လေ့ကျင့်မှုတွေ လုပ်ခဲ့ပါတယ်။ နိုင်ငံအဆင့် ပြိုင်ပွဲဝင်တွေထဲက အကောင်းဆုံးတွေကို ရွေးချယ်ပြီး ဒေသတွင်းအဆင့်ပြိုင်ပွဲကို လာရောက်ယှဉ်ပြိုင်တာပါ။ ပြိုင်ပွဲဝင်တွေအနေနဲ့လည်း အကောင်းဆုံးကြိုးစားသွားမယ်လို့ ယုံကြည်ပါတယ်။
Ms.Ly Mary (ကမ္ဘောဒီးယားနိုင်ငံ ကိုယ်စားပြုပြိုင်ပွဲဝင်)
ကမ္ဘောဒီးယားနိုင်ငံကနေ လာရောက် ယှဉ်ပြိုင်တာဖြစ်ပါတယ်။ အတူပါဝင်ယှဉ်ပြိုင်မယ့် တခြားနိုင်ငံတွေက ကိုယ်စားပြု ပြိုင်ပွဲဝင်တွေကိုလည်း တွေ့မြင်နေရပြီဆိုတော့ ပထမဆုံး အတွေ့အကြုံအနေနဲ့ စိတ်လှုပ်ရှားပြီး ပြိုင်ပွဲကိုလည်း စိတ်ဝင်စားနေပါပြီ။ ကျွန်မအနေနဲ့ အောင်မြင်မှုတွေရရှိအောင် အဖွဲ့ဝင်တွေနဲ့ အတူတကွ အကောင်းဆုံး ကြိုးစားသွားမှာပါ။ ပြိုင်ပွဲမှာ အနိုင်ရဖို့ အတွက်လည်း အလားအလာကောင်း တွေရှိတယ်လို့လည်း ထင်မြင်မိပါတယ်။
Ms.Do Bao Thuc Anh (ဗီယက်နမ်နိုင်ငံ ကိုယ်စားပြုပြိုင်ပွဲဝင်)
ဗီယက်နမ်နိုင်ငံ ကိုယ်စားပြုပြီးအခုလို လာရောက်ယှဉ်ပြိုင်ရတဲ့အတွက် ဂုဏ်ယူမိပါတယ်။ တခြားပြိုင်ပွဲဝင်တွေနဲ့ ယှဉ်ပြိုင်နိုင်ဖို့အတွက် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ အာဆီယံရဲ့ မူဝါဒတွေနဲ့ ပတ်သက်ပြီးတော့လည်း လေ့လာရပါတယ်။ အာဆီယံနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေကိုလည်း အများကြီး လေ့လာခဲ့ရပါတယ်။
Ms.Sirilak Sengdara (လာအိုနိုင်ငံ ကိုယ်စားပြုပြိုင်ပွဲဝင်)
ဒီပြိုင်ပွဲကို လာရောက်ယှဉ်ပြိုင်ဖို့အတွက် ကြိုတင်ပြင်ဆင်မှုတွေ တော်တော်လေးလုပ်ခဲ့ပါတယ်။ မြန်မာနိုင်ငံအပါအဝင် တခြားနိုင်ငံက ပြိုင်ပွဲဝင် ကိုယ်စားလှယ်တွေနဲ့အတူ အကောင်းဆုံး ပါဝင်ယှဉ်ပြိုင်သွားမှာပါ။ တော်တော်လည်း စိတ်လှုပ်ရှားနေပါတယ်။ ဒါပေမယ့်လည်း အကောင်းဆုံး လုပ်နိုင်မယ်လို့ မျှော်လင့်မိပါတယ်။ ကျွန်မအနေနဲ့ အဖွဲ့ဝင်တွေနဲ့အတူ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားပါတယ်။
Mr.Nguyen Gia Nam (ဗီယက်နမ်နိုင်ငံ ကိုယ်စားပြုပြိုင်ပွဲဝင်)
ကျွန်တော်က ဗီယက်နမ်နိုင်ငံ ကိုယ်စားပြု လာရောက်ယှဉ်ပြိုင်တာ ဖြစ်ပါတယ်။ အခုလို နိုင်ငံကိုယ်စားပြုပြီး ၁၀ ကြိမ်မြောက် Asian Quiz ကို ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ကျွန်တော့်အနေနဲ့ ပြိုင်ပွဲအတွက် တော်တော်လေး ပြင်ဆင်ထားပါတယ်။ အာဆီယံနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေ၊ တခြားဗဟုသုတ အကြောင်းအရာတွေကိုလည်း လေ့လာခဲ့ပါတယ်။ ပြိုင်ပွဲ အတွက် လေ့လာပြင်ဆင်ချိန် တစ်လခန့် ရခဲ့ပါတယ်။
Mr.Phouth Ada Sitthinonhthong (နည်းပြ၊ လာအိုနိုင်ငံ)
ကျွန်တော့်အနေနဲ့ ပြိုင်ပွဲအတွက် အချက်အလက်တွေ တတ်နိုင်သမျှစုဆောင်းပြီး ကျောင်းသားတွေကို လအနည်းငယ် ကြိုတင်ပြင်ဆင်ပေးတဲ့အပြင် အာဆီယံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ သတင်းအချက်အလက်များစွာကို update ပြုလုပ်ပြီးလည်း သင်ကြား ပေးပါတယ်။ နိုင်ငံအဆင့်ပြိုင်ပွဲကို အောက်တိုဘာလ နှောင်းပိုင်းနဲ့ နိုဝင်ဘာ လအစမှာ ပြုလုပ်ခဲ့ပါတယ်။ ကျွန်တော့် အသင်းအနေနဲ့ အကောင်းဆုံးကြိုးစား ပြီး အနိုင်ရရှိလိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်။
မောင်ဟိန်းလင်းထက် (မြန်မာနိုင်ငံကိုယ်စားပြုပြိုင်ပွဲဝင်)
ကျွန်တော်တို့ အရင်နှစ် အောက်တို ဘာလကစပြီး ပြိုင်ပွဲအတွက် လေ့ကျင့်မှုတွေ လုပ်ပါတယ်။ သူငယ်ချင်းအချင်းချင်းလည်း ကိုယ်သိသမျှ တတ်သမျှ မှတ်ထားသမျှတွေကို ပြန်လည်မေးမြန်းပါတယ်။ ဒီအဆင့်ရောက်ဖို့ ကျွန်တော်တို့အနေနဲ့ တစ်ဆင့်ပြီးတစ်ဆင့် တက်လာတာဖြစ်ပါတယ်။ နိုင်ငံအဆင့် ရွေးချယ်ထားတဲ့ ကိုယ်စားပြုအနေနဲ့ အာဆီယံဌာန အသီးသီးက ဆရာမကြီးတွေနဲ့ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးဆိုင်ရာတွေကို သီးသန့် လေ့ကျင့်ပေးပါတယ်။ ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ရတော့မှာ ဖြစ်တဲ့အတွက် စိတ်လှုပ်ရှားဖို့ကောင်းပါတယ်။ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပတဲ့ ပြိုင်ပွဲကြီးမှာ ကျွန်တော်တို့ အနိုင်ရအောင် ကြိုးစားသွားမယ်လို့ ပြောချင်ပါတယ်။
မောင်ပြည့်စုံချမ်းသာ (မြန်မာနိုင်ငံ ကိုယ်စားပြုပြိုင်ပွဲဝင်)
ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်မှု တော်တော်လေးလုပ်ခဲ့ပါတယ်။ ဝန်ကြီးဌာနပေါင်းစုံနဲ့ ကဏ္ဍပေါင်းစုံက ဆရာမတွေက ကျွန်တော်တို့ကို အွန်လိုင်းကနေ စာသင်ပေးတာလည်းရှိပါတယ်။ သူငယ် ချင်းတွေစုပြီးလည်း စာလုပ်ကြတယ်။ ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရတဲ့အတွက် အတွေ့အကြုံအသစ်တွေ ရရှိမှာဖြစ်ပါတယ်။ ဗဟုသုတတွေလည်း အများကြီးရရှိပါတယ်။ ဒီပြိုင်ပွဲက ကိုယ်တိုင်တင် မကဘဲ မြန်မာနိုင်ငံအတွက်ပါ ဂုဏ်ဆောင်ရတဲ့ပြိုင်ပွဲဖြစ်တဲ့အတွက် ဂုဏ်ယူဝမ်းသာ ပီတိဖြစ်မိပါတယ်။ ပြိုင်ပွဲကိုလည်း နိုင်မယ်ဆိုတဲ့ခံယူချက်နဲ့ ပြိုင်သွားမှာ ဖြစ်ပါတယ်။
မနှင်းပွင့်အောင် (မြန်မာနိုင်ငံ ကိုယ်စားပြုပြိုင်ပွဲဝင်)
အခုပြိုင်ပွဲကြီးကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ အများကြီး စိတ်လှုပ်ရှားပါတယ်။ ဒါပေမယ့်လည်း အရင်လောက်တော့ မကြောက်တော့ပါဘူး။ မြန်မာနိုင်ငံ ကိုယ်စားပြုအဖွဲ့အနေနဲ့ အကောင်းဆုံး ပြင်ဆင်ထားပါတယ်။ ပထမဆုံး အိမ်ရှင်အဖြစ် ကျင်းပမယ့် ဒသမအကြိမ်မြောက် အာဆီယံဉာဏ်စမ်းပဟေဠိ ဒေသတွင်းအဆင့်ပြိုင်ပွဲမှာ Winner ရရှိအောင် အကောင်းဆုံး ကြိုးစားယှဉ်ပြိုင်သွားမှာပါ။
Mrs.HA THI NGA (နည်းပြချုပ်၊ ဗီယက်နမ်နိုင်ငံ)
ပြိုင်ပွဲအတွက် အများကြီးကြိုတင် ပြင်ဆင်ထားပါတယ်။ အကောင်းဆုံး လုပ်နိုင်မယ်လို့လည်း ယုံကြည်ပါတယ်။ ပြိုင်ပွဲဝင် ကျောင်းသား ကျောင်းသူတွေကလည်း အာဆီယံနဲ့ပတ်သက်တဲ့ ဗဟုသုတ၊ အချက်အလက်တွေကို အများကြီး ကြိုတင်ပြင်ဆင်ထားတဲ့အတွက် ပြိုင်ပွဲမှာ အောင်မြင်မှုရရှိမယ်လို့လည်း ယုံကြည်ပါတယ်။ အခုပြိုင်ပွဲကို ဦးဆောင်ကျင်းပပေးတဲ့ မြန်မာနိုင်ငံကိုလည်း ကျေးဇူးတင်ပါတယ်။ ဒီပြိုင်ပွဲက မြန်မာနိုင်ငံအတွက် ဂုဏ်ယူစရာတစ်ခုလည်း ဖြစ်ပါတယ်။ ကျောင်းသား ကျောင်းသူတွေ ဒီပွဲကိုလာရောက်ယှဉ်ပြိုင်ကြတဲ့အတွက် မိတ်ဆွေ၊ သူငယ်ချင်း၊ အပေါင်းအသင်းတွေလည်းရပါတယ်။ အခုပြိုင်ပွဲကို နိုင်ငံကိုယ်စားပြုပြီး လာရောက် ယှဉ်ပြိုင်ရတဲ့အတွက်လည်း ဂုဏ်ယူမိပါတယ်။ ။