မျက်မှောက်ကာလတွင် သိပ္ပံနှင့်နည်းပညာများကို စဉ်ဆက်မပြတ် တီထွင်ဆန်းသစ်အဆင့်မြှင့်တင်၍ မိမိနိုင်ငံကို တိုးတက်သည်ထက်တိုးတက်လာအောင် ကြိုးပမ်းစွမ်းဆောင်နေကြသည်ကို တွေ့ရမည်ဖြစ်သည်။ သိပ္ပံနှင့်နည်းပညာစွမ်းပကားဖြင့် စီးပွားရေး၊ လူမှုရေး၊ စစ်ရေး စသည့်ကဏ္ဍပေါင်းစုံ ခေတ်မီတိုးတက်လာအောင် ကြိုးပမ်းအားထုတ်ခြင်းဖြင့် မိမိနိုင်ငံ တင့်တယ်ဝင့်ထည် အင်းအားကြီးမားလာအောင် အပြိုင်အဆိုင်ကြိုးပမ်းနေကြသည်။ ခေတ်နှင့်အညီ အမီလိုက်ပါနိုင်ရန် မြန်မာနိုင်ငံအနေဖြင့်လည်း ကြိုးပမ်းဆောင်ရွက်နေသည်။
“ယနေ့ခေတ်သည် ပညာခေတ် (Knowledge Age) ဖြစ်သည်နှင့်အညီ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် “ပညာသည်သာ၊ အခရာ” ဖြစ်တည်လျက်ရှိကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရန် ရုန်းကန်နေရသည့် မိမိတို့နိုင်ငံအနေဖြင့် ပညာကို အခြေပြုပြီး နိုင်ငံတော်တည်ဆောက်ရေး (State Building)နှင့် တိုင်းပြည် တည်ဆောက်ရေး (Nation Building) တို့ကို အခြေခံကျကျ ဆောင်ရွက်နိုင်မှသာလျှင် ခေတ်နှင့်အညီ နိုင်ငံတကာနှင့် လျင်မြန်စွာ ရင်ပေါင်တန်းလျှောက်လှမ်းနိုင်မည်ဖြစ်ကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး သရေစည်သူစိုးဝင်းက တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၄) သင်တန်းဆင်းဂုဏ်ပြု စစ်ရေးပြအခမ်းအနားတွင် ပြောကြားခဲ့သည်။
မျက်မှောက်ကာလတွင် နိုင်ငံအများစုသည် မိမိနိုင်ငံခေတ်မီတိုးတက်ဖွံ့ဖြိုးလာစေရန်အတွက် ပညာရေးစနစ်သစ်အဖြစ် STEM ဟုခေါ်သည့် Science၊ Technology၊ Engineering နှင့် Mathematics ဘာသာရပ်များကို အခြေခံပညာရေးမှစတင်၍ အင်ဂျင်နီယာပညာရပ်နှင့် အင်ဂျင်နီယာဆိုင်ရာ အတွေးအခေါ်အယူအဆများကို ကျောင်းသင်ရိုးတွင် ထည့်သွင်းပြဋ္ဌာန်းပေးထားပြီး ကျောင်းသားကျောင်းသူ များက လေ့လာဆည်းပူးနေကြသည်။ ၎င်းတို့ကို အင်ဂျင်နီယာပညာရေးစနစ်ဟုလည်းခေါ်တွင်သည်။ အင်ဂျင်နီယာပညာရေးစနစ်သည် လူမှုစီးပွားဘဝများ ပြောင်းလဲတိုးတက်လာမှုအပေါ်မူတည်၍ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် လိုက်ပါပြောင်းလဲ သင်ကြားပေးသောဘာသာရပ်ဖြစ်သည်။ အင်ဂျင်နီယာပညာရေးတွင် အခြေခံအားဖြင့် သင်္ချာနှင့်သိပ္ပံပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုများသည် မရှိမဖြစ်လိုအပ်သည်။
ယခင်က သိပ္ပံသီအိုရီများနှင့် ပေါင်းစပ်သင်ကြားသည့်စနစ်မှ တီထွင်ဖန်တီးနိုင်မှု၊ တွေးခေါ်မြော်မြင်နိုင်မှု၊ အမှန်တကယ်တတ်မြောက်မှု၊ ဦးစားပေးမှုဟူသည့် အချက်များအပေါ်အခြေခံပြီး မျက်မှောက်ခေတ်တွင် အင်ဂျင်နီယာပညာရေးစနစ်အဖြစ် ကူးပြောင်းတိုးတက်လာသည်ကို တွေ့ရသည်။ မျက်မှောက်ကာလ စတုတ္ထစက်မှုတော်လှန်ရေး (Industry 4.0) ခေတ်တွင် ဉာဏ်ရည်တုနည်းပညာ (Artificial Intelligence-AI) အခြေပြုလုပ်ငန်းများကြောင့် ပညာရေးနယ်ပယ်၊ နည်းပညာနယ်ပယ်တို့တွင် စိန်ခေါ်မှုများစွာ ဖြစ်ပေါ်လာခဲ့သည်။ ထို့ကြောင့်(Industry 4.0)ကို အထောက်အပံ့ပေးနိုင်မည့် ပညာရေးစနစ်ဖြစ်သည့် (Education 4.0) အကောင်အထည်ဖော်လာကြသည်ကို တွေ့ရမည်ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့်လည်း နိုင်ငံတကာနှင့်အတူ လိုက်ပါပြောင်းလဲနိုင်ရန်အတွက် (Education 4.0) ပညာရေးစနစ်ကို အကောင်အထည်ဖော်ရန် လိုအပ်လာသည်။
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ခေတ်မီတပ်မတော်တစ်ရပ် တည်ဆောက်နိုင်ရန်အတွက် လျင်မြန်စွာဖွံ့ဖြိုးတိုးတက်လျက်ရှိသည့် နည်းပညာရပ်များကို ခေတ်နှင့်အညီအမီလိုက်ပြီး အသုံးချနိုင်စွမ်းရှိသည့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးသည် အရေးပါသဖြင့် နောက်ကျမကျန်ဘဲ ခေတ်နှင့်အညီ လိုက်ပါ ဆောင်ရွက်ရန်လိုအပ်သည်ကို သတိပြုရမည်ဖြစ်သည်။ အင်ဂျင်နီယာနည်းပညာမဖွံ့ဖြိုးပါက တိုင်းပြည်ဖွံ့ဖြိုးရေး၊ ကာကွယ်ရေးသာမက ကဏ္ဍပေါင်းစုံတွင် အခက်အခဲများရှိလာမည်ဖြစ်သည်။ မျက်မှောက်ကာလတွင် အင်အားကြီးနိုင်ငံအချို့သည် နိုင်ငံတစ်နိုင်ငံကို စစ်ရေးနည်းလမ်းဖြင့် ကျူးကျော်ခြင်းမပြုလုပ်တော့ဘဲ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ သဘောတရားရေး၊ ဝါဒဖြန့်ချိရေး၊ စစ်ရေး၊ သံတမန်ရေး စသည့်အသွင်မျိုးစုံဖြင့် လွှမ်းမိုးချုပ်ကိုင်နိုင်ရန် ကြားခံ Proxy များထားပြီး လုပ်ကိုင်လာသည်ကို တွေ့ရမည်ဖြစ်သည်။
သို့ဖြစ်ရာ နိုင်ငံခေတ်မီဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံကာကွယ်ရေးတို့ကို ခိုင်မာစွာတည်ဆောက်နိုင်ရန်အတွက် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာများ၊ အီလက်ထရွန်နစ်နည်းပညာများ၊ စက်မှုနည်းပညာများကို နိုင်ငံတကာနှင့်ရင်ပေါင်တန်းနိုင်အောင် (Education 4.0) ပညာရေးစနစ်ကို အကောင်အထည်ဖော်ပြီး လေ့လာသင်ယူဆည်းပူးကြရန် လိုအပ်ပါကြောင်း။ ။
ကြေးမုံ,အယ်ဒီတာ့အာဘော်