Skip to main content

အကြံသစ်၊ ဉာဏ်သစ်၊ ခွန်အားသစ်များဖြင့် ကြိုးပမ်း

အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း (MSMEs) များကို ပြည်တွင်းစီးပွားရေးအားပေးရန်၊ ပြည်ပသွင်းကုန်အစားထိုးရန်နှင့် ပြည်ပပို့ကုန်ကဏ္ဍမြှင့်တင်နိုင်ရန်အတွက် နိုင်ငံတော်ကအားပေးဆောင်ရွက်လျက်ရှိသည်။ MSME တွင် ကုန်ထုတ်လုပ်မှု၊ ရောင်းဝယ်မှု၊ ဝန်ဆောင်မှုနှင့် အခြားဟူ၍ ကဏ္ဍလေးရပ်ရှိသည့်အနက် ကုန်ထုတ်လုပ်မှုကဏ္ဍကို အဓိကမြှင့်တင်နိုင်ရန် ကြိုးပမ်းနေခြင်းပင်ဖြစ်သည်။

နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးတွင် အဓိကအရေးပါသည့် MSME များဖွံ့ဖြိုးတိုးတက်လာပြီး အလုပ်အကိုင်အခွင့်အလမ်းသစ်များ ဖန်တီးပေးနိုင်ရန်အတွက် MSME များဖွံ့ဖြိုးတိုးတက်ရေး ဥပဒေနှင့်မူဝါဒတို့ကို ၂၀၁၅ ခုနှစ်တွင်လည်းကောင်း၊ နည်းဥပဒေကို ၂၀၁၆ ခုနှစ်တွင်လည်းကောင်း ရေးဆွဲပြဋ္ဌာန်းခဲ့သည်။ မိမိတို့နိုင်ငံတွင် မှတ်ပုံတင်ထားသည့် MSME လုပ်ငန်းပေါင်း ၄၀၀၀၀ ကျော်ရှိသော်လည်း ထုတ်ကုန်အများစုမှာ အရည်အသွေးအားနည်းမှုကြောင့် ဈေးကွက်တွင် ဈေးကောင်းမရ၊ မျက်နှာမလှဖြစ်ကြရသည်။ အရည်အသွေးအားနည်းရခြင်း၏ အကြောင်းရင်းခံမှာ စက်ကိရိယာများခေတ်မမီခြင်း၊ နည်းပညာနိမ့်ကျခြင်းနှင့် လူသားအရင်းအမြစ် အားနည်းခြင်းတို့ပင်ဖြစ်သည်။

“ကုန်ထုတ်လုပ်မှုကို ဆောင်ရွက်ရာတွင် အစားအစာများ၊ အဖျော်ယမကာများ၊ အထည်အလိပ်နှင့် အထည်ထုတ်လုပ်မှု၊ သားရေထွက်ကုန်ပစ္စည်းများ၊ သစ်အချောထည်ပစ္စည်းများ၊ ဆေးဝါးနှင့်ရုက္ခဗေဒဆိုင်ရာပစ္စည်းများ၊ ရော်ဘာနှင့် ပလတ်စတစ်ဆိုင်ရာပစ္စည်းများ၊ သတ္တုမဟုတ်သည့် တွင်းထွက်ပစ္စည်းများ၊ အခြေခံသတ္တုပစ္စည်းများ၊ ပရိဘောဂပစ္စည်းများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်သစ်တောထွက်ပစ္စည်းများကို အခြေခံသည့်ပစ္စည်းများကို ထုတ်လုပ်ခြင်းသည် မိမိတို့နိုင်ငံအတွက် လက်တွေ့ကျကျထုတ်လုပ်နိုင်သည့် ကုန်ပစ္စည်းများဖြစ်သဖြင့် ပထမဦးစားပေးအနေဖြင့် ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း” ဖြင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ (၁/၂၀၂၂) အစည်းအဝေးတွင် နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောကြားခဲ့ရာ မိမိနိုင်ငံမှ လုံလုံ လောက်လောက်ရရှိနိုင်သည့် ကုန်ကြမ်းများနှင့် နည်းပညာလိုအပ်ချက်များလည်း ခက်ခက်ခဲခဲမပါရှိဘဲ ထုတ်လုပ်နိုင်သည့် ကုန်ပစ္စည်းများဖြစ်သည်။

MSME လုပ်ငန်းများဖွံ့ဖြိုးရေးတွင် ပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးခြင်းနှင့် အခြားလိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်းတို့အပြင် ပြည်တွင်းထုတ်ကုန်ပစ္စည်းများ၏ ပြည်တွင်းဈေးကွက်ကို အကာအကွယ်ပေးနိုင်ရန်လည်း လိုအပ်သည်။ အမျိုးအစားတူ ပြည်ပသွင်းကုန်များအပေါ် အခွန်ပမာဏတိုးမြှင့်ကောက်ခံခြင်း၊ တရားမဝင်ကုန်သွယ်မှုများကို ထိထိရောက်ရောက်တားဆီးနှိမ်နင်းခြင်းနှင့် အဂတိလိုက်စားမှုများကင်းစင်အောင် ဆောင်ရွက်ခြင်းတို့ဖြင့်လည်း MSME များ ဖွံ့ဖြိုးတိုးတက်ရေးကို အားဖြည့်ပေးရမည်ဖြစ်သည်။

နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် MSME လုပ်ငန်းများဖွံ့ဖြိုးရေး နိုင်ငံတော်က အဘက်ဘက်မှ အားပေးမြှင့်တင်လျက်ရှိသည့် အခြေအနေအချိန်အခါကောင်းတွင် လုပ်ငန်းရှင်များအနေဖြင့်လည်း မိမိတို့လုပ်ကိုင်နေသည့်လုပ်ငန်းများ တိုးတက်အောင်မြင်ရေး အကြံသစ်၊ ဉာဏ်သစ် ခွန်အားသစ်များဖြင့် အားထုတ်ကြိုးပမ်းကြကာ ပြည်တွင်းမှာသာမက ပြည်ပဈေးကွက်များသို့ အဆင့်အတန်းမြင့်မားစွာ ထိုးဖောက်ဝင်ရောက်နိုင်ကြပါစေကြောင်း။ ။

မြန်မာ့အလင်း,အယ်ဒီတာ့အာဘော်