နေပြည်တော် ဒီဇင်ဘာ ၁၃
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် ကချင်ပြည်နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းရှင်များအား မြစ်ကြီးနားမြို့၊ မြို့တော်ခန်းမ၌တွေ့ဆုံ၍ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးပြောကြားသည်။
အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင် Jeng Phang နော်တောင်၊ စောဒန်နီယယ်၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးဝင်းရှိန်၊ ဦးလှမိုး၊ ဒေါက်တာချာလီသန်းနှင့် ဦးအောင်နိုင်ဦး၊ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ကချင်ပြည်နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များအား တစ်ဦးချင်း တင်ပြဆွေးနွေး
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ဒေသဆိုင်ရာအချက်အလက်များ၊ မြစ်ကြီးနားစီးပွားရေးဖွံ့ဖြိုးရေးဇုန် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိမှု၊ စက်မှုရပ်ကွက်ကော်မတီဖွဲ့စည်းဆောင်ရွက်ထားရှိမှုနှင့် စက်မှုရပ်ကွက်အတွင်း စက်မှုကုန်ထုတ်လုပ်ငန်းများဆောင်ရွက်လျက်ရှိမှု၊ ကချင်ပြည်နယ်အတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ ကချင်ပြည်နယ်အတွင်းရှိ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ကူညီပံ့ပိုးမှုများဆောင်ရွက်လျက်ရှိမှု၊ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှ ချေးငွေများထုတ်ပေးမှုနှင့် လုပ်ငန်းတိုးချဲ့ဆောင်ရွက်လျက်ရှိမှု၊ One Village One Product ထုတ်လုပ်နိုင်ရေးဒေသအလိုက် ထုတ်ကုန်အမယ်သတ်မှတ်ဆောင်ရွက်လျက်ရှိမှု၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိမှု စသည့်အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် “စွမ်းအင်ပြည့်လျှံ” အဆင့်မြင့်လောင်စာတောင့် လုပ်ငန်းရှင် ဦးအောင်သန်းထွဋ်ဦး၊ “ရွှေအုပ်ဆောင်း” ပယင်းကျန်းမာရေးထုတ်ကုန်လုပ်ငန်းရှင် ဒေါ်နီနီလွင်၊ “ဖြိုးဝေဝေ”စက္ကူ Recycling လုပ်ငန်းရှင် ဦးဘင်ဂျမင်၊ “မနောမြန်မာ” စက်ရက္ကန်းလုပ်ငန်းရှင် ဦးသန်းဝင်းနှင့် လုပ်ငန်းရှင်များက ကချင်ပြည်နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး(MSME)လုပ်ငန်းများ၏ လုပ်ငန်းအလိုက် အခက်အခဲများတွေ့ကြုံနေရမှုနှင့် အစိုးရမှလိုအပ်သည်များ ကူညီပံ့ပိုးပေးစေလိုမှု၊ ဒေသထွက်ကုန်ကြမ်းများကို အသုံးပြု၍ ကုန်ချောထုတ်လုပ်ပြီး ပြည်ပနိုင်ငံများသို့ တင်ပို့ရာတွင် ကုန်သွယ်မှုအခွန်ပမာဏလျော့ကျစေရေးသက်ဆိုင်ရာနိုင်ငံများနှင့် ညှိနှိုင်းဆောင်ရွက်ပေးစေလိုမှု၊ အတိုးနှုန်းသက်သာသည့် ရင်းနှီးမတည်ချေးငွေများကို ဆောင်ရွက်ပေးစေလိုမှုနှင့် ဒေသတွင်းစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြားလိုအပ်သည်များကို အသီးသီးတင်ပြဆွေးနွေးကြသည်။
ထို့နောက် ကချင်အထူးဒေသ(၁)မှ ဦးဇခုန်ယိန်းဆောင်က ချီဖွေ၊ ပန်ဝါ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရမှဆောင်ရွက်ပေးမှုများကို ယင်းဒေသရှိ ဒေသခံပြည်သူများမှ အထူးကျေးဇူးတင်ရှိသည့် အခြေအနေများ၊ ဒေသတွင်းလူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုများ ပိုမိုလျှင်မြန်စွာ ဖြစ်ပေါ်လာစေရေးအတွက် လမ်းပန်းဆက်သွယ်မှု ပိုမိုကောင်းမွန်စေရေးနှင့် အခြားဒေသတွင်းလိုအပ်ချက်များကိုဆွေးနွေးတင်ပြပြီး တက်ရောက်လာကြသည့် လုပ်ငန်းရှင်များက လုပ်ငန်းလိုအပ်ချက်များနှင့်ပတ်သက်၍ အထွေထွေဆွေးနွေးတင်ပြကြသည်။
ပြည်ထောင်စုဝန်ကြီးများက သက်ဆိုင်ရာကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဆွေးနွေး
ဆက်လက်ပြီး လုပ်ငန်းရှင်များ၏ တစ်ဦးချင်းရှင်းလင်းတင်ပြမှုများနှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများက နယ်စပ်ဒေသဖွံ့ဖြိုးရေးသင်တန်းကျောင်းများဖွင့်လှစ်၍ လူသားအရင်းအမြစ်များမွေးထုတ်ပေးလျက်ရှိမှု၊ လမ်းပန်းဆက်သွယ်မှုလျင်မြန်ချောမွေ့ရေးမှအစ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိမှု၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်ရှိ အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေး (MSME) ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းရှင်များ၏လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေး တွေ့ဆုံဆွေးနွေးပွဲများပြုလုပ်ကာ လိုအပ်သည်များကို ဝန်ကြီးဌာနအလိုက် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိမှု၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေတစ်ရပ်ထူထောင်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများသို့ ရင်းနှီးမတည်ငွေများဆောင်ရွက်ပေးခဲ့မှု၊ MSME အခန်းကဏ္ဍပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် နိုင်ငံတော်မှ အားပေးဆောင်ရွက်လျက်ရှိပြီး ရန်ပုံငွေတစ်ရပ်ထူထောင်ကာ လိုအပ်သည်များ ရင်းနှီးမတည်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိမှု၊ ချေးငွေနှင့်ပတ်သက်၍ နိုင်ငံတော်မှ ခေါင်းစဉ်အမျိုးမျိုးဖြင့်ထုတ်ပေးထားသည့် ချေးငွေများကို သတ်မှတ်ကာလအပိုင်းအခြားနှင့်အညီ အချိန်မီပြန်လည်ပေးဆပ်ရန်လိုအပ်မှု၊ နိုင်ငံတော်မှ ဆောင်ရွက်ပေးနိုင်သည်မှန်သမျှကို လုပ်ထုံးလုပ်နည်းနှင့် ဆောင်ရွက်ပေးရန်အသင့်ရှိသည့်အတွက် လုပ်ငန်းရှင်များမှလည်း မှန်မှန်ကန်ကန်ဖြင့် ဆောင်ရွက်ကြရန်လိုအပ်မှု၊ MSME လုပ်ငန်းများ ဈေးကွက်ရရှိရေး ဆောင်ရွက်ပေးလျက်ရှိမှု၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအတွက် အားလုံးဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်မှသာလျှင် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သဖြင့် ဝိုင်းဝန်းဆောင်ရွက်ပေးရန် လိုအပ်မှုစသည်ဖြင့် သက်ဆိုင်ရာကဏ္ဍများအလိုက် အသီးသီးပြန်လည်ဆွေးနွေးပြောကြားကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ကချင်ပြည်နယ်အတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး လုပ်ဆောင်လျက်ရှိသည့်အခြေအနေများကို ဆွေးနွေးပြောကြားသည်။
MSME လုပ်ငန်းများကို အားပေးမြှင့်တင်
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် ကချင်ပြည်နယ်အတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များ ဖြည့်ဆည်းပေးနိုင်ရန် ယခုကဲ့သို့ လာရောက်တွေ့ဆုံခြင်းဖြစ်ကြောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးသို့သွားရောက်၍ နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရန်အတွက် MSME လုပ်ငန်းများမြှင့်တင်ရေးဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံသာမက ဖွံ့ဖြိုးပြီးနိုင်ငံများ၌ပင် ပြည်တွင်းစီးပွားရေးလုပ်ငန်း၏ ၉၀ ရာခိုင်နှုန်းကျော်သည် MSME လုပ်ငန်းများပင်ဖြစ်ကြောင်း၊ ထို့ကြောင့်အရေးပါသည့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှ အားပေးဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် ၂၀၁၈ ခုနှစ်မှစတင်၍ စီးပွားရေးဆိုင်ရာနှင့် ကုန်သွယ်မှုဆိုင်ရာစီမံခန့်ခွဲမှုများ၌ အားနည်းချက်များရှိခဲ့ခြင်းကြောင့် နိုင်ငံ့စီးပွားရေးကျဆင်းခဲ့ရကြောင်း၊ နိုင်ငံခြားဝင်ငွေများရရှိခြင်းမရှိခဲ့ဘဲ ပြည်ပမှသွင်းကုန်များကို တင်သွင်းခဲ့မှုများကြောင့် ကုန်သွယ်မှုလိုငွေများဖြစ်ပေါ်ခဲ့ကြောင်း၊ Non Trade လုပ်ငန်းများမှရရှိသည့် ငွေကြေးများဖြင့် သွင်းကုန်များတင်သွင်းခဲ့ခြင်းဖြစ်ကြောင်း၊ ပြည်တွင်းကုန်ထုတ်လုပ်မှုကို အားပေးမှုမရှိခဲ့ဘဲ ပြည်ပသွင်းကုန်ကိုသာ အားထားဆောင်ရွက်ခဲ့ခြင်းကြောင့် ကုန်သွယ်မှုလိုငွေအများအပြားရှိခဲ့ပြီး တိုင်းပြည်အတွက် စိုးရိမ်ဖွယ်ရာအနေအထားသို့ရောက်ရှိခဲ့ကာ ကြွေးမြီအများအပြားဖြစ်ပေါ်ခဲ့ကြောင်း။
မိမိတို့အနေဖြင့် လက်ရှိနိုင်ငံ့တာဝန်များကို ထမ်းဆောင်နေချိန်တွင် ပြည်ပမှချေးငွေနှင့် အထောက်အပံ့များရရှိမှုမရှိသော်လည်း ပြည်ပချေးငွေများကို ပြန်လည်ပေးဆပ်လျက်ရှိကြောင်း၊ ယခုအခါ နိုင်ငံ၏စီးပွားရေးမှာ အထိုက်အလျောက် ပြန်လည်မြင့်တက်လာပြီဖြစ်ကြောင်း၊ ပြည်တွင်း ကုန်ထုတ်လုပ်မှုစီးပွားရေးကိုအားပေးဆောင်ရွက်မည်ဆိုပါက နိုင်ငံဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် MSME လုပ်ငန်းများကို အားပေးဆောင်ရွက်လျက်ရှိခြင်းဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ အဓိကစီးပွားရေးလုပ်ငန်းများဖြစ်သည့် ကျေးလက်စီးပွားရေးတစ်နည်းအားဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အားပေးဆောင်ရွက်ရန်လိုကြောင်း၊ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာမည်ဆိုပါက ဝယ်လိုအားတက်လာမည်ဖြစ်ကြောင်း၊ ငွေကြေးလည်ပတ်မှုများကောင်းမွန်လာပြီး ကုန်ထုတ်လုပ်မှုများ တိုးတက်လာမည်ဖြစ်ကာ နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ MSME လုပ်ငန်းများကို ပြည်တွင်းစီးပွားရေးအားပေးရန်၊ ပြည်ပသွင်းကုန်အစားထိုးရန်နှင့် ပြည်ပပို့ကုန်ကဏ္ဍမြှင့်တင်နိုင်ရေးအတွက် အားပေးဆောင်ရွက်နေခြင်းဖြစ်ကြောင်း။
လျှပ်စစ်ဓာတ်အားနှင့် စက်သုံးဆီလိုအပ်ချက်
နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် နိုင်ငံတည်ငြိမ်အေးချမ်းမှုရှိရန်လိုအပ်သကဲ့သို့ လျှပ်စစ်ဓာတ်အား လိုအပ်ချက်သည်လည်းအရေးကြီးကြောင်း၊ မိမိတို့နိုင်ငံတွင် ရေအားလျှပ်စစ်များထုတ်လုပ်မည်ဆိုပါက မီဂါဝပ် ၄ သောင်းခန့် ထုတ်လုပ်နိုင်မည်ဖြစ်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် စီမံကိန်းများရပ်တန့်ခဲ့ရကြောင်း၊ ကချင်ပြည်နယ်အတွင်း ရေအားလျှပ်စစ် ထုတ်ယူနိုင်သည့် အရင်းအမြစ်များစွာရှိပြီးဖြစ်သဖြင့် အကျိုးရှိစွာ အသုံးချစေလိုကြောင်း၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် အချိန်ကာလတစ်ခုအထိ ကြာမြင့်ပြီး ရင်းနှီးမြှုပ်နှံမှုများစွာဖြင့် ဆောင်ရွက်ရကြောင်း၊ လျှပ်စစ်ဓာတ်အားလိုအပ်မှုများကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ထုတ်လုပ်ခြင်းလုပ်ငန်း၊ လေအားအသုံးပြုလျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်နိုင်ကြောင်း၊ တစ်ဖက်မှလည်း လျှပ်စစ်ဓာတ်အားများကို ချွေတာသုံးစွဲကြရန်လိုကြောင်း။
အလားတူ မိမိတို့အနေဖြင့် စက်သုံးဆီများကို ပြည်ပမှနှစ်စဉ်တင်သွင်းနေရမှုကြောင့် နိုင်ငံခြားငွေသုံးစွဲမှုများ များစွာကုန်ကျလျက်ရှိကြောင်း၊ ထို့ကြောင့် စက်သုံးဆီများကို တတ်နိုင်သမျှချွေတာသုံးစွဲရန်လိုကြောင်း၊ စက်သုံးဆီသုံးစွဲရန်မလိုအပ်သည့် စက်ဘီးကဲ့သို့သောယာဉ်များကို တိုင်းချစ်ပြည်ချစ်စိတ်ဖြင့် အသုံးပြုကြစေလိုကြောင်း၊ ကုန်စည်ပို့ဆောင်ရေးတွင်လည်း စက်သုံးဆီသုံးစွဲမှုနည်းပါးပြီး ကုန်စည်များစွာကို ပို့ဆောင်နိုင်သည့်ရထားဖြင့် သယ်ယူပို့ဆောင်ခြင်းကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တစ်ဦးချင်းချွေတာသုံးစွဲမည်ဆိုပါက နိုင်ငံခြားငွေကုန်ကျမှုများ လျော့နည်းသွားမည်ဖြစ်ကြောင်း။
ဒေသထုတ်ကုန်ကိုအခြေခံသည့် ပြည်တွင်းစီးပွားရေးကို အားပေးမြှင့်တင်
ကုန်ဈေးနှုန်းမြင့်တက်မှုမှာ ထုတ်လုပ်မှုကုန်ကျစရိတ်ကြီးမြင့်ခြင်း၊ သယ်ဆောင်မှုစရိတ်မြင့်မားခြင်း၊ ရောင်းလိုအားနှင့် ဝယ်လိုအားမျှတမှုမရှိခြင်းများကြောင့်ဖြစ်ကြောင်း၊ ကချင်ပြည်နယ်တွင် ရေခံမြေခံကောင်းများကိုပိုင်ဆိုင်ပြီးဖြစ်သဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကိုအောင်မြင် ဖြစ်ထွန်းအောင် ဆောင်ရွက်နိုင်ကြောင်း၊ ပြည်တွင်း၌ ထုတ်ကုန်များကို လုံလောက်စွာ ထုတ်လုပ်နိုင်မည်ဆိုပါကကုန်ဈေးနှုန်းများ ကျဆင်းလာမည်ဖြစ်ကြောင်း၊ MSME လုပ်ငန်းများကို အားပေးဆောင်ရွက်ခြင်းသည် နိုင်ငံအတွင်းရှိ စီးပွားရေးလုပ်ငန်းများအားလုံး တိုးတက်လာစေရန်ဖြစ်ကြောင်း၊ တစ်ဦးချင်း၏ အကျိုးစီးပွားမှနိုင်ငံ့အကျိုးစီးပွားကို တိုးတက်အောင် ဆောင်ရွက်ကြစေလိုကြောင်း၊ ကချင်ပြည်နယ်အတွင်းတစ်ဦးချင်း အကျိုးစီးပွားထက်အများ၏အကျိုး စီးပွားကိုဖြစ်ထွန်းစေနိုင်သည့် ကုန်ထုတ်လုပ်ငန်းများကို ဆောင်ရွက်ကြစေလိုကြောင်း၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးကိုအခြေခံသည့် MSME စီးပွားရေးလုပ်ငန်းများမှ သွင်းကုန်အစားထိုး လူသုံးကုန်နှင့် စားသောက်ကုန်များကို ထုတ်လုပ်နိုင်ကြောင်း၊ ကချင်ပြည်နယ်အတွင်း ရာဘာစိုက်ပျိုးမှုများသဖြင့် ရာဘာထွက်ကုန်များဖြင့် တာယာများနှင့် အခြားလူသုံး ကုန်ပစ္စည်းများကိုထုတ်လုပ်နိုင်ကြောင်း၊ ဒေသတွင်းလူသုံးကုန်ပစ္စည်းများကို လုံလောက်စွာထုတ်လုပ်၍ တန်ဖိုးမြင့်ထုတ်ကုန်များကိုထုတ်လုပ်ပြီး ပြည်ပနိုင်ငံများသို့ပါ ပြန်လည်တင်ပို့နိုင်မည်ဖြစ်ကြောင်း၊ ကချင်ပြည်နယ်အတွင်း ဝါးနှင့်သစ်များပေါများစွာရှိကြောင်း၊ အဆိုပါ သစ်နှင့်ဝါးများကို အသုံးပြု၍ စက္ကူ ပျော့ဖတ်များထုတ်လုပ်ပြီး နိုင်ငံ၏စက္ကူလိုအပ်ချက်ကို ဖြည့်တင်းနိုင်ကြောင်း၊ ဝါးကိုအခြေခံသည့် အခြားလူသုံးကုန်ပစ္စည်းများကိုလည်း ထုတ်လုပ်နိုင်ကြောင်း၊ ဝါးနှင့်ပတ်သက်၍ ထုတ်ကုန်ပစ္စည်းများထုတ်လုပ်မည်ဆိုပါက နိုင်ငံတော်မှလိုအပ်သည့် ကူညီပံ့ပိုးမှုများဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အလားတူ ကချင်ပြည်နယ်အတွင်းမှထွက်ရှိသည့် သစ်သီးများကို တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ထုတ်လုပ်၍ ပြည်ပနိုင်ငံများသို့တင်ပို့နိုင်မည်ဆိုပါက အကျိုးများစွာ ဖြစ်ထွန်းစေမည်ဖြစ်ကြောင်း။
ဒေသတွင်းဆန်ဖူလုံမှုရှိစေရေးအတွက် စိုက်ပျိုးရေးတွင် အဓိကအခြေခံအချက်များဖြစ်သည့် မျိုးကောင်းမျိုးသန့်ရရှိရေး၊ စိုက်ပျိုးမြေကောင်းမွန်ရေး၊ စိုက်ပျိုးရေလုံလောက်စွာရရှိရေးနှင့် စိုက်နည်းစနစ်မှန်ကန်မှုရှိရေးစသည့် မျိုး၊ မြေ၊ ရေ၊ နည်းလေးမျိုးကို စနစ်တကျဖြင့် အသုံးချဆောင်ရွက်ရန်လိုကြောင်း၊ စိုက်ပျိုးဧကများ တိုးချဲ့စိုက်ပျိုးခြင်းထက် တစ်ဧကချင်း အထွက်နှုန်းများတိုးတက်အောင်ဆောင်ရွက်ရန်လိုကြောင်း၊ အလားတူ မွေးမြူရေး လုပ်ငန်းများဆောင်ရွက်ရာတွင်လည်း မိရိုးဖလာမွေးမြူရေးလုပ်ငန်းများအစား လှောင်၍မွေးမြူသည့်စနစ်ဖြင့် စနစ်တကျ မွေးမြူမည်ဆိုပါက မွေးမြူရေးထွက်ကုန်များကို ပြည်ပနိုင်ငံများသို့ တင်ပို့နိုင်သောကြောင့် နိုင်ငံခြားဝင်ငွေများရရှိပြီး ဒေသနှင့် နိုင်ငံအတွက်အကျိုးများစွာ ဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကိုအခြေခံသည့် MSME ကုန်ထုတ်လုပ်မှုလုပ်ငန်းများဖြင့် ဒေသတွင်းစီးပွားရေးလုပ်ငန်းများကို အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်ကြစေလိုကြောင်း။
လူသားအရင်းအမြစ်ကောင်းများ ပေါ်ထွက်လာရေး ပညာရေးအားပေးမြှင့်တင်
MSME လုပ်ငန်းများအောင်မြင်စေရေးအတွက် အဓိကလိုအပ်ချက်မှာ ကုန်ကြမ်း၊ သွင်းအားစု၊ အရင်းအနှီးနှင့် လူသားအရင်းအမြစ်ကောင်းတို့ဖြစ်ကြောင်း၊ ယနေ့ခေတ်သည် ဈေးကွက်စီးပွားရေးစနစ်ဖြစ်ပြီး ဒေသတွင်းအလွယ်တကူရရှိနိုင်သည့် ကုန်ကြမ်းများကိုသုံးစွဲ၍ ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အောင်မြင်အောင်ဆောင်ရွက်နိုင်မည်ဆိုပါက အကျိုးများစွာဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ လူသားအရင်းအမြစ်ကောင်းများ မွေးထုတ်ပေးနိုင်ရေး အခြေခံပညာများမြှင့်တင်ရေးအတွက် အစိုးရမှတတ်နိုင်သည့်ဘက်မှ အားပေးဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အလားတူအဆင့်မြင့်ပညာရေး မြှင့်တင်ရေးအတွက်လည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပညာရေးကိုမြှင့်တင်ခြင်းသည် လူတစ်ဦးချင်း၏ အနာဂတ်၊ တိုင်းပြည်၏ အနာဂတ်ကို မြှင့်တင်ခြင်းပင်ဖြစ်ကြောင်း၊ ထို့ကြောင့် ပညာရေးမြှင့်တင်မှုများကို မဖြစ်မနေဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ သို့မှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့် လူသားအရင်းအမြစ်များကို မွေးထုတ်ပေးနိုင်မည်ဖြစ်ကြောင်း။
ကချင်ပြည်နယ်အတွင်းရှိ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို နိုင်ငံတော်အစိုးရအနေဖြင့် တတ်နိုင်သည့်ဘက်မှ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ဒေသခံလုပ်ငန်းရှင်များမှလည်း ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်းဖြင့် တိုက်တွန်းဆွေးနွေး ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် တက်ရောက်လာကြသည့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းရှင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ခင်းကျင်းပြသထားသည့် သယံဇာတတွင်းထွက်ထုတ်ကုန်များ၊ စားသောက်ကုန်၊ လူသုံးကုန်၊ စက်မှုလက်မှုထုတ်ကုန်၊ ရိုးရာလက်မှုထုတ်ကုန်များ၊ အဝတ်အထည်များ၊ တိုင်းရင်းဆေးများ စသည့်ထုတ်ကုန်ပစ္စည်းများ ခင်းကျင်းပြသထားရှိမှုများကို ပြကွက်တစ်ခုချင်းစီအလိုက် စိတ်ဝင်တစားဖြင့်လေ့လာခဲ့ပြီး ဈေးကွက်ရရှိမှုအခြေအနေများကို မေးမြန်းဆွေးနွေးရာလုပ်ငန်းအလိုက် စီးပွားရေးလုပ်ငန်းရှင်များက လိုက်လံရှင်းလင်းတင်ပြခဲ့ကြကြောင်း သတင်းရရှိသည်။