Skip to main content

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားမွေးမြူရေးလုပ်ငန်းများအား အရင်းမပျောက် မတည်ငွေထောက်ပံ့ပေးမည်

နေပြည်တော် ဒီဇင်ဘာ ၁၂

စိုက်ပျိုးရေးနှင့်မွေးမြူရေးဆိုင်ရာ အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ကနဦးရင်းနှီးမြှုပ်နှံခြင်းနှင့် ထုတ်လုပ်မှုကုန်ကျစရိတ်ကို နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ အရင်းမပျောက်မတည်ငွေအဖြစ် ထောက်ပံ့ခြင်းဆိုင်ရာ လုပ်ငန်းဆွေးနွေးပွဲကို ဒီဇင်ဘာ ၁၁ ရက်က ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့အစည်းအဝေးခန်းမ၌ ကျင်းပရာဆွေးနွေးပွဲသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ တိုင်း‌အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နှင့် ညီနောင်အသင်းများမှ တာဝန်ရှိသူများ၊ မွေးမြူရေးလုပ်ငန်းရှင်များ၊ မွေးမြူရေးတောင်သူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ဒုတိယဝန်ကြီးက ကနဦးရင်းနှီးမြှုပ်နှံမှုနှင့် ထုတ်လုပ်မှုကုန်ကျစရိတ်ကို ဖြည့်ဆည်းပေးခြင်းဖြင့် အသေးစား၊ အငယ်စားနှင့်အလတ်စား မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများနှင့် မွေးမြူရေးလုပ်ငန်း ကွင်းဆက်တစ်လျှောက် ဆက်စပ်လုပ်ကိုင်သူများပါ အကျိုးအမြတ်ပိုမိုရရှိစေရန်၊ ဈေးကွက်နှင့်ကိုက်ညီသော အရည်အသွေးပြည့်ထုတ်ကုန်များ ပမာဏပိုမိုထုတ်လုပ်နိုင်စေရန် နိုင်ငံတော်ကရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်၍ မွေးမြူရေးကဏ္ဍမှ နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် သက်ဆိုင်သူအားလုံးတို့က ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်၊၊

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး စီးပွား ရေးရာဝန်ကြီးက နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ အရင်းမပျောက် မတည်ထောက်ပံ့ငွေဖြင့် မွေးမြူရေးလုပ်ငန်းများအောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းစဉ်အဆင့်ဆင့် ဆောင်ရွက်ထားရှိမှုကိုလည်းကောင်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြား‌ရေးမှူးချုပ်က နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ အရင်းမပျောက် မတည်ထောက်ပံ့ငွေကို အသေးစား၊ အငယ်စားနှင့်အလတ်စားမွေးမြူရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက ဆောင်ရွက်သွားမည့် လုပ်ငန်းစီမံချက်ကို လည်းကောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် မွေးမြူရေးလုပ်ငန်းရှင်များ၊ မွေးမြူရေး တောင်သူများ၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက လိုအပ်ချက်များ ညှိနှိုင်းဆွေးနွေးပြီး တိရစ္ဆာန်ကူးစက်ရောဂါများ ဖြစ်ပွားကျရောက်မှု မရှိစေရေးအတွက် ဇီဝလုံခြုံမှုဆိုင်ရာအစီအမံများချမှတ်ပေးရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်