နေပြည်တော် ဒီဇင်ဘာ ၁၂
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ဆောင်ရွက်သည့် မြန်မာဘေးအန္တရာယ်တုံ့ပြန်ရေးအဖွဲ့ သင်တန်း အမှတ်စဉ်(၃)ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ တာဝန်ရှိသူများနှင့်တကွ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ သင်တန်းသားများက နေပြည်တော်ရှိ Aureum Palace Hotel ၌ လည်းကောင်း၊ AHA Centre မှ Executive Director Mr. Lee Yam Ming နှင့် တာဝန် ရှိသူများက Online မှလည်းကောင်း တက်ရောက် ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ကချင်ပြည်နယ်၏ သဘာဝဘေးစီမံခန့်ခွဲမှုဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက မြန်မာဘေးအန္တရာယ်တုံ့ပြန်ရေးအဖွဲ့နှင့် ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်နိုင်ရေးအတွက် ကချင်ပြည်နယ်အတွင်းရှိ သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းများ ဆောင်ရွက်နေသော ပုဂ္ဂိုလ်များကိုဦးတည်ပြီး ယခု သင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း။
ဒေသတွင်းအဆင့်တွင် ဖွဲ့စည်းထားသော ASEAN-ERAT ကဲ့သို့ မြန်မာနိုင်ငံတွင် သဘာဝဘေး အန္တရာယ်ဖြစ်ပွားသည့်အခါ နိုင်ငံအဆင့်အရေးပေါ် တုံ့ပြန်ရေးလုပ်ငန်းများနှင့် ရခိုင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာသူများကို ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်များတွင် ကူညီနိုင်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန် မြန်မာနိုင်ငံအာဆီယံ အတွင်းရေးမှူးချုပ်ရုံး၊ AHA Centre တို့နှင့်ပူးပေါင်း၍ မြန်မာဘေးအန္တရာယ်တုံ့ပြန်ရေးအဖွဲ့ နည်းပြ သင်တန်းတစ်ကြိမ်ကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် သင်တန်းသား ၁၅ ဦးဖြင့် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ AHA Centre က နည်းပြများဖြင့် လေ့ကျင့်ထားသူများ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ဘာသာရပ်ဆိုင်ရာကျွမ်းကျင်သူ အရာထမ်းများ၏ ပို့ချပေးမှုဖြင့် မြန်မာဘေးအန္တရာယ် တုံ့ပြန်ရေး သင်တန်းအမှတ်စဉ်(၁)နှင့် (၂)ကို ၂၀၂၁ ခုနှစ် နိုဝင်ဘာ လနှင့် ဒီဇင်ဘာလများတွင် နေပြည်တော်၌ ဖွင့်လှစ်နိုင်ခဲ့ပါကြောင်း၊ ယခုသင်တန်းတွင် ယခင်အပတ်စဉ် (၁)နှင့် (၂)တွင် ပို့ချသော နည်းပြများအပြင် AHA Centre မှ ကျွမ်းကျင်ပညာရှင်များက Online ဖြင့် ပါဝင်ပို့ချကြမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးက အမှာစကား ပြောကြားသည်။
ထို့နောက် AHA Centre မှ Executive Director Mr.Lee Yam Ming က ယခုသင်တန်းတွင် အချို့သော သင်ခန်းစာများအား Virtually ပို့ချပေးသွားမည်ဖြစ်ကြောင်း၊ MDRT သင်တန်း နှစ်စဉ်ပိုမိုဆောင်ရွက်နိုင်ရေး ASEAN-ERAT သင်တန်းများသို့ မြန်မာကိုယ်စားလှယ်များ ဖိတ်ကြားနိုင်ရေးတို့ကို ဆက်လက်အလေးထား ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း Video Conferencing ဖြင့် ပြောကြားသည်။
မြန်မာဘေးအန္တရာယ်တုံ့ပြန်ရေးအဖွဲ့ သင်တန်း အမှတ်စဉ်(၃)ကို ဒီဇင်ဘာ ၁၂ ရက်မှ ၁၇ ရက်အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်