ရန်ကုန် ဒီဇင်ဘာ ၁၂
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံပြီး ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်တွင် နေပြည်တော် MICC-II ခန်းမ၌ ကျင်းပပြုလုပ်မည့် ဒသမအကြိမ်မြောက် အာဆီယံဉာဏ်စမ်းပဟေဠိ - ဒေသတွင်းအဆင့်ပြိုင်ပွဲ (10th ASEAN Quiz-Regional Level) သို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံကိုယ်စားပြု ကျောင်းသားကျောင်းသူများနှင့် အုပ်ချုပ်သူများ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ စုစုပေါင်း ၃၀ သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ မော်တော်ယာဉ်ဖြင့် ထွက်ခွာခဲ့ကြပြီး(ယာပုံ) မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ Park Royal Hotel သို့ ရောက်ရှိကြရာ ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ တာဝန်ရှိသူများက ရင်းရင်းနှီးနှီးကြိုဆိုနှုတ်ဆက်ကြသည်။
အာဆီယံဉာဏ်စမ်းပဟေဠိ - ဒေသတွင်း အဆင့်ပြိုင်ပွဲသို့ နိုင်ငံကိုယ်စားပြုပြီး ဝင်ရောက်ယှဉ်ပြိုင်
အဆိုပါ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကျောင်းသား ကျောင်းသူများသည် ဒီဇင်ဘာ ၁၃ ရက်တွင် ပြိုင်ပွဲကျင်းပမည့် MICC-II တွင် Rehearsal အစမ်းလေ့ကျင့်ကြမည်ဖြစ်ပြီး ဒီဇင်ဘာ ၁၄ ရက် နံနက်ပိုင်းတွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပပြုလုပ်မည့် ဒသမအကြိမ်မြောက် အာဆီယံဉာဏ်စမ်းပဟေဠိ - ဒေသတွင်း အဆင့်ပြိုင်ပွဲ (10th ASEAN Quiz-Regional Level) သို့ နိုင်ငံကိုယ်စားပြုပြီး ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
(10th ASEAN Quiz - Regional Level) ပြိုင်ပွဲသို့ နိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံအသီးသီးမှ အသက်(၁၅)နှစ်မှ အသက်(၁၈)နှစ်အတွင်းရှိ ကျောင်းသား ကျောင်းသူများအား နိုင်ငံအလိုက်ပြိုင်ပွဲများ အဆင့်ဆင့်ပြုလုပ်ရွေးချယ်၍ နိုင်ငံအဆင့် ပထမ၊ ဒုတိယနှင့်တတိယဆုရရှိသူ သုံးဦးစီအား နိုင်ငံကိုယ်စားပြု၍ ပါဝင်ယှဉ်ပြိုင်ကြခြင်းဖြစ်သည်။
အာဆီယံဒေသတွင်းရှိ အဖွဲ့ဝင်နိုင်ငံများက နှစ်နှစ်တစ်ကြိမ် အလှည့်ကျအိမ်ရှင်အဖြစ် လက်ခံ
အာဆီယံဒေသတွင်းအဆင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများကို အာဆီယံဒေသတွင်းရှိ အဖွဲ့ဝင်နိုင်ငံများက နှစ်နှစ်တစ်ကြိမ် အလှည့်ကျအိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိရာ ပထမအကြိမ်မှ အဋ္ဌမအကြိမ်အထိ လူကိုယ်တိုင်တက်ရောက်ဖြေဆိုသည့် Physical Event အဖြစ် စီစဉ်ကျင်းပခဲ့ခြင်းဖြစ်သော်လည်း ၂၀၂၀ ပြည့်နှစ်တွင် စင်ကာပူနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပပြုလုပ်ခဲ့သည့် နဝမကြိမ်မြောက် အာဆီယံဒေသတွင်း အဆင့်ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၌ ကိုဗစ်-၁၉ ရောဂါ ကမ္ဘာတစ်ဝန်းတွင် ဖြစ်ပွားမှုအခြေအနေများကြောင့် လူကိုယ်တိုင်တက်ရောက်သည့် Physical Event အဖြစ် ကျင်းပနိုင်ခြင်း မရှိခဲ့ဘဲ Online Event အဖြစ်သာ စီစဉ်ကျင်းပနိုင်ခဲ့ခြင်းဖြစ်သည်။
တစ်နိုင်ငံလျှင် သုံးဦးစီဖြင့် လူကိုယ်တိုင်ဝင်ရောက်ယှဉ်ပြိုင်ကြမည်
ယခုနှစ်တွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပရာ၌ လူကိုယ်တိုင်နှင့် Online မှ ပါဝင်ယှဉ်ပြိုင်မှုတို့ ပေါင်းစပ်ထားသည့် Hybrid Event ပုံစံဖြင့် ခမ်းနားစွာ စီစဉ်ကျင်းပပြုလုပ်မည်ဖြစ်ရာပြိုင်ပွဲသို့ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဗီယက်နမ်နိုင်ငံတို့မှ တစ်နိုင်ငံလျှင် သုံးဦးစီဖြင့် ကျောင်းသားကျောင်းသူ စုစုပေါင်း ၁၈ ဦးက လူကိုယ်တိုင် ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ဘရူနိုင်း၊ ဖိလစ်ပိုင်၊ စင်ကာပူနှင့် ထိုင်းနိုင်ငံတို့မှ အွန်လိုင်းမှတစ်ဆင့် ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
ကွန်ပျူတာအထောက်အကူပြု မေးမြန်းဖြေဆိုမှုစနစ်ပုံစံဖြင့် ဆောင်ရွက်မည်
ပြိုင်ပွဲအား Quiz 360 Software အသုံးပြု၍ ကွန်ပျူတာအထောက်အကူပြု မေးမြန်းဖြေဆိုမှုစနစ် (Computerized Quiz) ပုံစံဖြင့် ဆောင်ရွက်သွားမည်ဖြစ်ရာ ပြိုင်ပွဲကျင်းပမည့် နေပြည်တော် MICC- II တွင် ဒီဇင်ဘာ ၁၀ ရက်မှစတင်၍ အခမ်းအနားပြင်ဆင်ခြင်း၊ ဖျော်ဖြေရေးအစီအစဉ်များ လေ့ကျင့်ခြင်း၊ ရုပ်သံဆိုင်ရာစက်ပစ္စည်းများ တပ်ဆင်ခြင်း၊ နည်းပညာပိုင်းပြင်ဆင်ခြင်း၊ Network ချိတ်ဆက်ခြင်းနှင့် Quiz 360 Software စမ်းသပ်ခြင်းများကို တာဝန်ရှိသူများက စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်