နေပြည်တော် ဒီဇင်ဘာ ၁၂
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပြခန်းများ စီစဉ်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီ၏ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ပြခန်းများ စီစဉ်ဆောင်ရွက်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော် စည်ပင်သာယာရေး ကော်မတီဒုတိယမြို့တော်ဝန်၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့မှ ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြပြီး အခြားတိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့မှ ဝန်ကြီးများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။
ပြခန်းများ တည်ဆောက်ပြီးဖြစ်
ရှေးဦးစွာ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပြခန်းများ စီစဉ်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌက ပြည်ထောင်စုဝန်ကြီးဌာနများ၊ နေပြည် တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်၊ အထိမ်းအမှတ် ပြခန်း ၄၀ နှင့် ရိုးရာအစားအစာပြခန်း ၁၅ ခန်းကို ဗဟိုကော်မတီ၏ အတည်ပြုချက်နှင့်အညီပြခန်းများကို ဆောက်လုပ်ရေးဆပ်ကော်မတီက တည်ဆောက်ပြီးဖြစ်၍ သက်ဆိုင်ရာဌာနအဖွဲ့ အစည်းများအနေဖြင့် ပြခန်းများအချိန်မီပြီးစီးရေး စတင်ခင်းကျင်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ တပေါင်းပွဲတော်ကွင်းအတွင်း လူနှင့်ယာဉ်ကြောပိတ်ဆို့ပြီး ကြန့်ကြာမှုမရှိစေရေး အထူးဂရုပြုစီစဉ်ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။
ကြိုးပမ်းအားထုတ်ပေးကြစေလို
ယခုပြပွဲကို အနယ်နယ်အရပ်ရပ်ရှိ အများပြည်သူမှ လာရောက်ကြည့်ရှုလိုပါက လာရောက်ကြည့်ရှု စေရေးအတွက် တိုင်းဒေသကြီး/ပြည်နယ်များအနေဖြင့် ထပ်ဆင့်အသိပေး အကြောင်းကြားစေလိုပါ ကြောင်း၊ အများပြည်သူလုံခြုံရေးနှင့် ဝင်/ထွက်ခွင့်လွယ်ကူမြန်ဆန်ရေးကို မျှတအောင် စီစဉ်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပြခန်းများ၊ ရိုးရာအစားအစာ ပြခန်းများခမ်းနားထည်ဝါစွာ ခင်းကျင်းပြသနိုင်ရေး၊ အောင်မြင်စွာကျင်းပနိုင်ရေးကို လုပ်ငန်းကော်မတီအဖွဲ့ဝင်များ၊ ဆပ်ကော်မတီများအနေဖြင့် ကျရာအခန်းကဏ္ဍမှ အစွမ်းကုန်ကြိုးပမ်းအားထုတ်ပေးကြစေလိုကြောင်း ပြောကြားသည်။
ဆွေးနွေးတင်ပြ
ထို့နောက် အထိမ်းအမှတ်ပြခန်းများ ဆောက်လုပ်ရေးဆပ်ကော်မတီနှင့် အထိမ်းအမှတ်ပြခန်းများ၊ ရိုးရာအစားအစာပြခန်းများနှင့် ဂုဏ်ပြုယာဉ်များ ဖွင့်ပွဲအခမ်းအနား ကျင်းပရေးဆပ်ကော်မတီ၊ ပြခန်းများအုပ်ချုပ်မှုနှင့် ပြခန်း/ဂုဏ်ပြုယာဉ်များ နေရာစီစဉ်ချထားရေး ဆပ်ကော်မတီ၊ လုံခြုံရေးဆပ်ကော်မတီ၊ ကျန်းမာရေးဆပ်ကော်မတီ၊ ဘဏ္ဍာရေးဆပ်ကော်မတီများက ကော်မတီများအလိုက် လုပ်ငန်းဆောင်ရွက်နေမှုကို လည်းကောင်း၊ တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီးဌာနများ၊ နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီး/ပြည်နယ်များမှ ပြခန်းတာဝန်ခံများက ဂုဏ်ပြုယာဉ်များ၊ ပြခန်းများ ပြင်ဆင်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို လည်းကောင်း ရှင်းလင်း ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပြခန်းများ စီစဉ်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က ရှင်းလင်းဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်