Skip to main content

ဒုတိယဝန်ကြီး ဦးရဲတင့် စာပေဗိမာန်စာအုပ်အရောင်းဆိုင်နှင့် စာပေဗိမာန် ပြည်သူ့စာကြည်တိုက်တို့ကို ကြည့်ရှုစစ်ဆေး

ရန်ကုန် ဒီဇင်ဘာ ၁၂

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ် အရောင်းဆိုင်နှင့် စာပေဗိမာန်ပြည်သူ့စာကြည့်တိုက်တို့ကို ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ဒုတိယဝန်ကြီးသည် စာပေဗိမာန် စာအုပ်အရောင်းဆိုင်နှင့် စာပေဗိမာန်ပြည်သူ့စာကြည်တိုက်တို့၌ စာအုပ်များရောင်းချနေမှု၊ စာအုပ်များထားရှိမှု၊ စာဖတ်သူများ အလွယ်တကူစာအုပ်စာပေများ ဖတ်ရှုလေ့လာနိုင်ရန် ကွန်ပျူတာစနစ်ဖြင့် စီစဉ်ဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် စာပေဗိမာန်ခန်းမ၌ စာတည်းမှူးချုပ်နှင့် ဝန်ထမ်းများအားတွေ့ဆုံပြီး စာပေဗိမာန်သည် ပြည်သူကို ဝန်ဆောင်မှုပေးရသော ဌာနဖြစ်သည့်အတွက် ပြည်သူများစိတ်ချမ်းမြေ့စွာ စာအုပ်စာပေများ ဝယ်ယူဖတ်ရှုနိုင်ရေး၊ စာပေဗိမာန်ဆောင်ပုဒ်ဖြစ်သည့် အမှောင်ခွင်း၍ အလင်းဆောင်အံ့ဆိုသည့်အတိုင်း ပြည်သူလူထုစာပေအသိပညာ တိုးပွားစေရေးနှင့် စာပေဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဆောင်ရွက်သွားရန်၊ စာပေဗိမာန်ကထုတ်ဝေသည့် စာအုပ်စာပေများသည် အကြောင်းအရာအချက်အလက်မှအစ သတ်ပုံသတ်ညွှန်းများပါ မှန်ကန်စေရန်၊ လာရောက်စာဖတ်သူများ၊ ငှားရမ်းသူများနှင့် စာအုပ်ဝယ်ယူသူများ စိတ်ကျေနပ်မှုရှိအောင် ဝန်ဆောင်မှုပေးရန်၊ ယခင်ထုတ်ဝေခဲ့သည့် စာအုပ်စာစောင်များအနက်မှ လူငယ်အသိပညာပေးစာအုပ်များနှင့် စာဖတ်သူများ အကျိုးရှိစေမည့် သုတ၊ ရသစာအုပ်များ ပြန်လည်ပုံနှိပ်ထုတ်ဝေနိုင်ရေး ဆောင်ရွက်သွားရန်၊ စာပေဗိမာန်တွင် တာဝန်ထမ်းဆောင်နေကြသူများအနေဖြင့် မိမိတို့လုပ်ငန်းနယ်ပယ်အတွင်း ကျွမ်းကျင်မှုရှိရန်နှင့် စာပေဝမ်းစာပြည့်ရန်အတွက် မိမိတို့ကိုယ်တိုင်လည်း စာပေအမြဲဖတ်ရှုလေ့လာနေရန်မှာကြားသည်။

ဆက်လက်၍ ဗဟန်းမြို့နယ်ရှိ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန ဖိုတိုလစ်သိုပုံနှိပ်စက်ရုံကို သွားရောက်ကာ စာအုပ်စာပေများ ရိုက်နှိပ်ထုတ်ဝေနေမှု၊ စက်များလည်ပတ်နေမှုနှင့် ကုန်ကြမ်းများ သိုလှောင်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။

သတင်းစဉ်