နေပြည်တော် ဒီဇင်ဘာ ၁၂
(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့မှ ရွေ့လျားဆေးကုသယာဉ် (Mobile Medical Unit) နှစ်စီးဖြင့် ပြည်ထောင်စုနယ်မြေရှိ လူမှုဖူလုံရေးအကျုံးဝင် ဝန်ကြီးဌာနများ ဖြစ်သည့် ပြန်ကြားရေးဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနများသို့ ကွင်းဆင်းကုသ ဆောင်ရွက်ပေးနေမှုကို အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာပွင့်ဆန်းသည် ယနေ့သွားရောက် ကြည့်ရှုအားပေးခဲ့ပြီး အဆိုပါကွင်းဆင်းကုသမှု ဆောင်ရွက်ပေးနေမှုကို ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမျိုးမြင့်ဦး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်တို့ကလည်း ဝန်ကြီးဌာနအလိုက် ကြည့်ရှုအားပေးကြသည်။
အလုပ်သမားများ လူမှုဘဝလုံခြုံရေး
အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့အနေဖြင့် Social Insurance စနစ်အရ လူမှုဖူလုံရေး စီမံကိန်းကို တစ်မျိုးသားလုံး အကျုံးဝင်လာစေရန် မဟာဗျူဟာရည်မှန်းချက်ချမှတ်ပြီး ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အလုပ်ရှင်၊ အလုပ်သမားနှင့်နိုင်ငံတော်က စုပေါင်းထည့်ဝင်ငွေများနှင့် နိုင်ငံတော်၏ ကုန်ထုတ်စွမ်းအားမြင့်မားရေး မောင်းနှင်ပေးနေသည့် အလုပ်သမားများ၏ လူမှုဘဝ လုံခြုံရေးအတွက် ကျန်းမာရေးစောင့် ရှောက်မှုများနှင့်ငွေလက်ငင်း အကျိုးခံစားခွင့်များ ခံစားရရှိစေနိုင်ရန်လက်ရှိတွင် အာမခံစနစ်ခြောက်မျိုးအနက် နှစ်မျိုးကို အကောင်အထည်ဖော်လျက် အကျိုးခံစားခွင့် ၁၅ မျိုး ဆောင်ရွက်ပေးလျက်ရှိပြီး နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုလျက်ရှိသည်။ လစဉ်ထည့်ဝင်ကြေးကို လုပ်ခလစာတစ်လလျှင် တစ်သိန်းရရှိသည့် အာမခံအလုပ်သမား တစ်ဦးအနေဖြင့် အလုပ်သမားထည့်ဝင်ကြေး နှစ်ရာခိုင်နှုန်းအတွက် ငွေကျပ် ၂၀၀၀ နှင့် အလုပ်ရှင်မှ သုံးရာခိုင်နှုန်းအတွက် ငွေကျပ် ၃၀၀၀ စုစုပေါင်းငါးရာခိုင်နှုန်းအတွက် ငွေကျပ် ၅၀၀၀ ပေးသွင်းရပြီး အများဆုံး လုပ်ခလစာ သုံးသိန်းအထိ သတ်မှတ်ထားပြီး အလုပ်သမားထည့်ဝင်ကြေး နှစ်ရာခိုင်နှုန်းအတွက် ငွေကျပ် ၆၀၀၀ နှင့် အလုပ်ရှင်မှ သုံးရာခိုင်နှုန်းအတွက် ငွေကျပ် ၉၀၀၀ စုစုပေါင်း ငါးရာခိုင်နှုန်းအတွက် ငွေကျပ် ၁၅၀၀၀ ပေးသွင်းရပြီး လစဉ်ထည့်ဝင်ကြေး အပေါ်မူတည်၍ မကျန်းမာမှု အကျိုးခံစားခွင့်၊ မီးဖွားမှု အကျိုးခံစားခွင့်၊ နာရေးစရိတ်၊ အလုပ်တွင်ထိခိုက်မှုကြောင့် ယာယီမသန်မစွမ်းဖြစ်မှု အကျိုးခံစားခွင့်၊ အမြဲတမ်းမသန်မစွမ်းအကျိုးခံစားခွင့်နှင့် အလုပ်တွင် ထိခိုက်မှုကြောင့် သေဆုံးမှုအတွက် ကျန်ရစ်သူအကျိုး ခံစားခွင့် စသည်တို့ကို ခံစားရရှိနိုင်သည်။
လူမှုဖူလုံရေးအဖွဲ့အား အာမခံအလုပ်သမားများ အားကိုးအားထားပြုရသော ဌာနတစ်ခုဖြစ်စေရန် အလုပ်ရှင်၊ အလုပ်သမားများ၏ အဓိကလိုအပ်ချက်ဖြစ်သည့် ကောင်းမွန်သော ဆေးကုသမှုဝန်ဆောင်မှုကို ယခုထက် ပိုမိုဆောင်ရွက်ပေးရန်နှင့် အကျိုးခံစား ခွင့်များ ပိုမိုလွယ်ကူလျင်မြန်စွာ ထုတ်ယူနိုင်ရေး ပြုပြင်ပြောင်းလဲမှု (၄) ရပ်ဖြစ်သည့် IT Reform၊ Medical Reform၊ Administrative Reform နှင့် Legal Reform တို့ကို ဆောင်ရွက်လျက်ရှိသည်။
လူမှုဖူလုံရေးအဖွဲ့မှ လူမှုဖူလုံရေးစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မြို့နယ်ပေါင်း ၁၁၆ မြို့နယ်ရှိ အကျုံးဝင်အာမခံ အလုပ်သမား ပေါင်း ၁ ဒသမ ၂၃ သန်းခန့်၏ ကျန်းမာရေး စောင့်ရှောက်မှုနှင့် အကျိုးခံစားခွင့်များကို အလုပ်သမားဆေးရုံကြီး သုံးရုံ၊ တိုင်းဒေသကြီး /ပြည်နယ် /ခရိုင် /မြို့နယ်ရုံးခွဲပေါင်း ၉၉ ရုံး၊ မြို့နယ် ဆေးခန်းပေါင်း ၉၆ ခန်း၊ ဌာနကြီးဆေးခန်း ၅၇ ခန်း၊ PPS စနစ်ဖြင့် Fee for services payment ဆေးခန်း ၁၂ ခန်း၊ Capitation payment ဆေးခန်း ၂၅ ခန်း၊ သားဖွားမီးယပ် ဝန်ဆောင်မှုဆေးခန်း ရှစ်ခန်းနှင့် တိုင်းရင်းဆေးကုခန်း တစ်ခန်းအပြင် ရွေ့လျားဆေးကုသယာဉ် Mobile Medical Unit နှစ်စီးနှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့အထိ အာမခံအလုပ်သမား ၈၉၉၄၉ ဦးကို Mobile Medical Unit ဖြင့် အလုပ်ဌာနများအရောက် ကွင်းဆင်းဆေးကုသပေး နိုင်ခဲ့သည်။
ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်ပေးမည်
(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့မှ ရွေ့လျားဆေးကုသယာဉ်နှစ်စီးနှင့် ဝန်ကြီးဌာနများသို့ ကွင်းဆင်းဆေးကုသမှု ဆောင်ရွက်ပေးခြင်းကို ဒီဇင်ဘာ ၁၂ ရက်မှ ဒီဇင်ဘာ ၁၄ ရက်အထိ ပြန်ကြားရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနနှင့်အလုပ်သမားဝန်ကြီးဌာနများရှိ အာမခံအလုပ်သမားများအတွက် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းနှင့် ရန်ကုန်တိုင်းဒေသကြီးရှိစက်မှုဇုန်များသို့ ကွင်းဆင်းဆေးကုသမှုများ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်