နေပြည်တော် ဒီဇင်ဘာ ၁၂
မြန်မာ့ဘောလုံးအားကစားလောက အဆင့်အတန်း တိုးတက်မြင့်မားလာစေရန်၊ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်လာစေရန်နှင့် ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ် ရွက်ပုန်းသီး (အမျိုးသမီး) ဘောလုံးအားကစားသမားများစွာ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်တို့ပူးပေါင်း၍ ၂၀၂၃ ခုနှစ်၊ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့် တိုင်းဒေသကြီး (အလွတ်တန်းဖိတ်ခေါ်) U - 18 (အမျိုးသမီး)ဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ် ပွဲစဉ်များကို ယနေ့မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ်(၁)နှင့် ကွင်းအမှတ်(၃)တို့၌ ဆက်လက်ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များဖြစ်ကြသော ဦးခင်မောင်ဆွေ၊ Jeng Phang နော်တောင်၊ ဦးစိုင်းလုံးဆိုင်၊ စောဒန်နီယယ်၊ ဒေါက်တာဗညား အောင်မိုးနှင့်ဇနီး၊ ဦးရွှေကြိမ်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဘောလုံးအားကစား ဝါသနာရှင်များနှင့် တာဝန်ရှိသူများတက်ရောက် ကြည့်ရှုအားပေးကြသည်။
U-18 (အမျိုးသမီး)ဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်များတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း လေ့ကျင့်ရေးကွင်းအမှတ်(၁)၌ ဧရာဝတီတိုင်းဒေသ ကြီးအသင်းက စစ်ကိုင်းတိုင်းဒေသကြီးအသင်းကို လေးဂိုး-ဂိုးမရှိဖြင့်လည်းကောင်း၊ လေ့ကျင့်ရေးကွင်း အမှတ် (၃)၌ ရှမ်းပြည်နယ်အသင်းက မကွေးတိုင်း ဒေသကြီးအသင်းကို ခုနစ်ဂိုး-တစ်ဂိုးဖြင့်လည်းကောင်း အနိုင်ရရှိကြသည်။
U-18 (အမျိုးသမီး) ဘောလုံးပြိုင်ပွဲ ကွာတား ဖိုင်နယ် ပွဲစဉ်များအဖြစ် ဒီဇင်ဘာ ၁၃ ရက် မွန်းလွဲ ၃ နာရီတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း လေ့ကျင့်ရေး ကွင်းအမှတ်(၁)၌ မန္တလေးတိုင်းဒေသကြီးအသင်းနှင့် ပဲခူးတိုင်းဒေသကြီးအသင်း၊ လေ့ကျင့်ရေးကွင်း အမှတ်(၃)၌ ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် ကချင်ပြည်နယ်အသင်းတို့ ဆက်လက်ယှဉ်ပြိုင် ကစားသွားကြမည်ဖြစ်ရာ ဘောလုံးအားကစား ဝါသနာရှင်များအနေဖြင့် မည်သူမဆို အခမဲ့ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။
သတင်းစဉ်