ရန်ကုန် ဒီဇင်ဘာ ၁၂
ရန်ကုန်တိုင်းဒေသကြီးအတွင်း မဲစာရင်းများ ပြည့်စုံမှန်ကန်ရေးနှင့် အခြေခံလူဦးရေစာရင်းမှ စာရင်းထပ်နေမှုများအား CROSS CHECK စနစ်ဖြင့် စိစစ်သန့်စင်ခြင်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်စောဝင်းနှင့် ဦးအောင်မိုးမြင့်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး၊ ဥပဒေချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တိုင်း/ ခရိုင်/ မြို့နယ် အဆင့်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အုပ်ချုပ် ရေးမှူးများ၊ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများမှ ရွေးကောက်ပွဲအရာရှိများ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဦးစီးမှူးများ တက်ရောက်ကြသည်။
အခမ်းအနား၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်စောဝင်းက အဖွင့်အမှာစကားပြောကြားပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံး E-Government ဌာန ညွှန်ကြားရေးမှူး ဦးမြတ်ထွန်းဦးက ရန်ကုန်တိုင်းဒေသကြီးအတွင်း ဥပဒေနှင့်အညီ နေထိုင်သူများစာရင်းအား Cross Check ပြုလုပ်ထားရှိမှုကို ရှင်းလင်းတင်ပြသည်။
ထို့နောက် တက်ရောက်လာကြသည့် ဌာနအသီးသီးမှ တာဝန်ခံ အရာရှိများက အထွေထွေဆွေးနွေးကြပြီး ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်စောဝင်းက နိဂုံးချုပ်အမှာစကား ပြောကြားသည်။
သတင်းစဉ်