Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

နေပြည်တော် ဒီဇင်ဘာ ၁၂

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံသံအမတ်ကြီး H.E. Mr. CHHOUK Bunna အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာ-ကမ္ဘောဒီးယား နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် သံတမန်ဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများဖြစ်ပေါ်ခဲ့သည့်အတွက် နိုင်ငံတော်၏တာဝန်များကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ တာဝန်ယူဆောင်ရွက်ခဲ့ရမှုနှင့် ရှေ့လုပ်ငန်းစဉ်များချမှတ်၍ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ နိုင်ငံတည်ငြိမ်အေးချမ်းရေးအတွက် ဥပဒေနှင့်အညီ ထိန်းသိမ်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံသံအမတ်ကြီးတို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြပြီး မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံ သံအမတ်ကြီးနှင့်အတူ သံရုံးမှတာဝန်ရှိသူတို့ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်