နေပြည်တော် ဒီဇင်ဘာ ၁၂
မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း (၃၂)ကြိမ်မြောက်နှစ်ပတ် လည်အစည်းအဝေးဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း(ရုံးချုပ်) အစည်းအဝေးခန်းမ၌ကျင်းပရာ မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဂုဏ်ထူးဆောင်နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ဇနီးဒေါ်ကြူကြူလှ တက်ရောက်သည်။
အခမ်းအနားသို့ ဂုဏ်ထူးဆောင်နာယက ဒေါ်ခင်သက်ဌေး၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ၊ ပြည်နယ်နှင့်တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝ မြှင့်တင်ရေးအသင်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်းနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းကို မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ မိခင်နှင့်ကလေးများ ကျန်းမာရေး၊ ပညာရေးနှင့်လူနေမှုအဆင့်အတန်း မြင့်မားလာစေရေးအတွက် အထောက်အကူပြုဆောင်ရွက်နိုင်ရန် နိုင်ငံတော်အစိုးရမှ စေတနာ့ဝန်ထမ်းလူမှုရေး အဖွဲ့အစည်းတစ်ခုအဖြစ် ၁၉၉၁ ခုနှစ် ဧပြီ (၃၀)ရက်တွင် စတင်ဖွဲ့စည်းခဲ့ပါကြောင်း၊ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းသည် မေတ္တာစမ်းရေဆေးခန်းအပါအဝင် သားဖွားခန်းများဖွင့်လှစ်ပြီး ကိုယ်ဝန်ဆောင်မိခင်များကို စောင့်ရှောက်ခြင်း၊ အန္တရာယ်ကင်းစွာမွေးဖွားပေးခြင်း၊ မွေးပြီးမိခင်စောင့်ရှောက်ခြင်းနှင့် သားဆက်ခြားလုပ်ငန်းများကို ဆောင်ရွက်ပေးခြင်း၊ ကိုယ်ဝန်ဆောင်စောင့်ရှောက်မှုခံယူသူများကို ကိုယ်ဝန်(၄)လ မှစ၍ လစဉ်အာဟာရယူနစ် ထောက်ပံ့ပေးခြင်းများ ကိုဆောင်ရွက်ပေးလျက်ရှိကြောင်း။
ကျေးလက်ဒေသ အထိကျန်းမာရေးပညာပေးခြင်း၊ ကူးစက်တတ်သောရောဂါများ မဖြစ်ပွားအောင်ကာကွယ်ရေးနှင့် ကုသရန်ဆောင်ရွက်ပေးခြင်း၊ မကူးစက်တတ်သော နာတာရှည်ရောဂါများ မဖြစ်ပွားအောင် ကျန်းမာရေးနှင့်ပြည့်စုံစေသည့် လူနေမှုဘဝပုံစံရရှိရန် အသိပညာပေးခြင်းနှင့် ရောဂါဖြစ်ပွားပါကကုသနိုင်ရန်လည်း ကူညီပေးခြင်းများ၊ ပြည်သူလူထုမှကျန်းမာရေးကို လက်လှမ်းမီစေရန်ကြိုးစားပြီး ကျန်းမာရေးအခြေအနေ မြှင့်တင်စေရေး လုပ်ငန်းများကို သက်ဆိုင်ရာဦးစီးဌာနများ၊ အခြားနှီးနွယ်သော အဖွဲ့အစည်းများနှင့် ပြည်ပမှနိုင်ငံတကာ မိသားစုစီမံကိန်းအဖွဲ့တို့နှင့် ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အခြေခံလိုအပ်ချက်ဖြစ်သည့် ပြည်သူတို့၏ ယုံကြည်အားထားမှုရရှိအောင် ထဲထဲဝင်ဝင်ဆောင်ရွက်ပေးနေကြသည့် အသင်းဝင်များ၏ ဆောင်ရွက်မှုများသည် နိုင်ငံနှင့်လူမျိုးအတွက် အရေးပါသည့် မှတ်တိုင်များဖြစ်ပါကြောင်း။
မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအနေဖြင့် ဗဟိုမှစ၍ရပ်ကွက်၊ ကျေးရွာတွေက မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းများသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရေးလုပ်ငန်းတွင် မိမိတို့ရပ်ရွာအတွင်းရှိ ပြည်သူလူထုကို ကာကွယ်ဆေးလာရောက်ထိုးနှံရန် စည်းလုံးလှုံ့ဆော်ခြင်း၊ ကာကွယ်ဆေးထိုးစုရပ်များတွင် ကာကွယ်ဆေးမထိုးမီ စာရင်းရေးသွင်းခြင်း၊ ဆေးမထိုးမီနှင့်ဆေးထိုးနှံပြီး စောင့်ဆိုင်းချိန်မှာ စနစ်တကျရှိစေရန် ဝိုင်းဝန်းကူညီခြင်း၊ ကာကွယ်ဆေးများ သယ်ယူပို့ဆောင်ရာမှာ ကူညီဆောင်ရွက်ခြင်း၊ ကျန်းမာရေးဝန်ထမ်းများကို အစစအရာရာကူညီခြင်းများ ဆောင်ရွက်ပေးခဲ့သည့်အတွက် အထူးကျေးဇူးတင်ရှိပါကြောင်း။
ကျန်းမာရေးဝန်ကြီးဌာန၏ လုပ်ဆောင်ချက်များနှင့် အသင်း၏လုပ်ဆောင်ချက်များကို ပေါင်းစပ်ပြီး ထိရောက်အောင်မြင်ကာ ရေရှည်ဖွံ့ဖြိုးမှု ပန်းတိုင်၏လျာထားချက် ပြည့်မှီအောင် ဆောင်ရွက်ရန်လိုကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် အကောင်းဆုံး ပံ့ပိုးဆောင်ရွက်ပေးသွားမည်ဖြစ်၍ အသင်းကြီးအနေဖြင့်လည်း အသင်း၏တိုးတက်ရာတိုးတက်ကြောင်းနှင့် ပြည်သူလူထုအတွက် ကျန်းမာရေးစောင့်ရှောက်မှုကို အကောင်ဆုံးကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဂုဏ်ထူးဆောင်နာယက ဒေါ်ကြူကြူလှနှင့် ဂုဏ်ထူးဆောင်နာယက ဒေါ်ခင်သက်ဌေးတို့သည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီး မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၏ လှုပ်ရှားဆောင်ရွက်မှုမှတ်တမ်းဓာတ်ပုံများကို လှည့်လည်ကြည့်ရှုသည်။
ယင်းနောက် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း (၃၂)ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးကို ဆက်လက်ကျင်းပရာ မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာစန်းစန်းမြင့်အောင်က အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အတွင်းရေးမှူးက ၂၀၂၂ ခုနှစ် လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြပြီး ဘဏ္ဍရေးမှူးက ၂၀၂၁-၂၀၂၂ ငွေစာရင်းရှင်းတမ်းနှင့် ၂၀၂၂-၂၀၂၃ ရသုံးမှန်းခြေစာရင်းကို ဖတ်ကြားတင်ပြသည်။
ယင်းနောက် တိုင်းဒေသကြီးနှင့်ပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့များက ၂၀၂၂ ခုနှစ် လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာကြသူများက အကြံပြုဆွေးနွေးကြသည်။
ထို့နောက် အစည်းအဝေးဆုံးဖြတ်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များချမှတ်နိုင်ရန် ဆွေးနွေးအတည်ပြုကြပြီး မြန်မာနိုင်ငံမိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။