နေပြည်တော် ဒီဇင်ဘာ ၁၁
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၉ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျစစ်ဆေးရေးအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် လေဆိပ်ကုန်လှောင်ရုံ၌ ကုန်သေတ္တာ တစ်လုံးအတွင်းမှ သတ်မှတ်ရက်ထက်ကျော်လွန်၍ လာရောက်ထုတ်ယူခြင်းမရှိသော လျှပ်စစ်ဆက်စပ်ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၉၂၄၆၁၀)ကို လည်းကောင်း၊ ထီးတန်းဆိပ်ကမ်းကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ ကုန်သေတ္တာတစ်လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာ(ID)နှင့် ကိုက်ညီမှုမရှိသော တံမြက်စည်းနှင့် ဆက်စပ်ပစ္စည်းများ(ခန့်မှန်းတန်ဖိုးငွေ ကျပ် ၄၅၇၂၁၂၀)ကိုလည်းကောင်း၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၈၄၉၆၇၃၀)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
အလားတူ ပဲခူးတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့က မြဝတီ-ရန်ကုန်လမ်းကြောင်းတစ်လျှောက် ရှောင်တခင်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ EPPEN တံဆိပ်ပါ အချိုမှုန့် ၂၈၅၀၀ ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၅၈၃၅၀၀၀)နှင့် အဆိုပါကုန်စည်များတင်ဆောင်လာသော မော်တော်ယာဉ်တစ်စီးနှင့် နောက်တွဲယာဉ်တစ်တွဲ (ခန့်မှန်း တန်ဖိုးငွေကျပ် ၇၀,၀၀၀,၀၀၀)ကို အကောက်ခွန်လုပ်ထုံး လုပ်နည်းအရလည်းကောင်း၊ တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တောင်ငူခရိုင်နှင့် သာယာဝတီခရိုင်များအတွင်း တရားမဝင် သစ်မျိုးစုံ ၁၀ ဒသမ ၈၀၄ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၅၁၀,၁၇၆)ကို သစ်တောဥပဒေအရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေ ကျပ် ၁၄၀,၃၄၅,၁၇၆)ကို သိမ်းဆည်းအရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ ဒီဇင်ဘာ ၁၀ ရက်တွင် ကချင်ပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မိုးညှင်းမြို့နယ် နန့်စီးအောင်ပူးပေါင်းစစ်ဆေးရေးဂိတ်၌ တာဝန်ကျ ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မော်တော်ယာဉ်လေးစီးပေါ်ရှိ သံပီပါ အလုံး ၈၀ အတွင်းမှ ထိန်းချုပ်ဓာတုပစ္စည်းဖြစ်သည့် အမိုနီယမ် နိုက်ထရိတ် ၈,၀၀၀ ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၈,၀၀၀,၀၀၀)နှင့် အဆိုပါပစ္စည်းများတင်ဆောင်လာသော မော်တော်ယာဉ်လေးစီး(ခန့်မှန်းတန်ဖိုးငွေကျပ် ၂၄၀,၀၀၀,၀၀၀) စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေ ကျပ် ၂၄၈,၀၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေနှင့်အညီ အရေးယူဆောင် ရွက်လျက်ရှိသည်။
ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် အင်းစိန်ခရိုင်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအဖွဲ့နှင့် မင်္ဂလာဒုံခရိုင်ရဲတပ်ဖွဲ့တို့ ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က အမှတ်(၃)လမ်းဆုံ ပူးပေါင်းစစ်ဆေး ရေးဂိတ်အနီး၊ ရန်ကုန်-ပဲခူး လမ်းမပေါ်၌ ရှောင်တခင်စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မော်တော်ယာဉ်နှစ်စီးပေါ်မှ တရားမဝင် တင်ဆောင်လာ သော နွားထီး ၆၉ ကောင်(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၈၀၀၀၀၀၀)နှင့် အဆိုပါ တိရစ္ဆာန်များတင်ဆောင်သော မော်တော်ယာဉ်နှစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၉၀,၀၀၀,၀၀၀) စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၂၈,၀၀၀,၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး အရေးကြီးကုန်စည်နှင့် ဝန်ဆောင် မှု ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ ဒီဇင်ဘာ ၉ ရက်နှင့် ၁၀ ရက်တို့တွင် သိမ်းဆည်းရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၅ မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၂၄,၈၄၁,၉၀၆) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်