ရန်ကုန် ဒီဇင်ဘာ ၁၁
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပမည့် ဒသမ အကြိမ်မြောက် အာဆီယံဉာဏ်စမ်းပဟေဠိ- ဒေသ တွင်းအဆင့် (10thASEAN Quiz-Regional Level) ပြိုင်ပွဲသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကျောင်းသား ကျောင်းသူများနှင့် အုပ်ချုပ်သူများသည် ယနေ့ နံနက်ပိုင်းမှစတင်၍ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ရှိကြရာ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ပြီး ခေတ္တတည်းခိုကြမည့် ဟိုတယ်များသို့ ပို့ဆောင်နေရာချထားပေးသည်။
အဆိုပါပြိုင်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ၍ နေပြည်တော် MICC-2 တွင် ဒီဇင်ဘာ ၁၄ ရက်၌ ခမ်းနားစွာစီစဉ်ကျင်းပမည်ဖြစ်ရာ အိမ်ရှင် မြန်မာနိုင်ငံနှင့်အတူ ကမ္ဘောဒီးယား၊ လာအို၊ အင်ဒို နီးရှား၊ မလေးရှားနှင့် ဗီယက်နမ်နိုင်ငံတို့မှ လာရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ဘရူနိုင်း၊ ဖိလစ်ပိုင်၊ စင်ကာပူနှင့်ထိုင်းနိုင်ငံတို့က အွန်လိုင်းဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
အာဆီယံဒေသတွင်းအဆင့် ဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲများကို အာဆီယံအဖွဲ့ဝင်နိုင်ငံများက နှစ်နှစ် တစ်ကြိမ် အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိရာ ယခုနှစ်တွင် ကျင်းပမည့် ဒသမအကြိမ်မြောက် အာဆီယံဉာဏ်စမ်းပဟေဠိပြိုင်ပွဲ-ဒေသတွင်းအဆင့် ( 10th ASEAN Quiz-Regional Level )ကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခြင်းဖြစ်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံအသီးသီးမှ နိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် သက်ဆိုင်ရာနိုင်ငံ အလိုက် အသက် ၁၅ နှစ်မှ အသက် ၁၈ နှစ်အတွင်း ရှိ ကျောင်းသား ကျောင်းသူများအား ခရိုင်အဆင့်၊ ပြည်နယ်အဆင့်နှင့် နိုင်ငံအဆင့်ပြိုင်ပွဲများ အဆင့်ဆင့်ပြုလုပ်၍ နိုင်ငံအလိုက် ပထမ၊ ဒုတိယ၊ တတိယ သုံးဦးစီကို ရွေးချယ်ကြခြင်းဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် နိုင်ငံကိုယ်စားပြု ပါဝင် ယှဉ်ပြိုင်နိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာန အခြေခံ ပညာဦးစီးဌာနက စီစဉ်ကျင်းပသည့် ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့် အာဆီယံဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲများမှတစ်ဆင့် အသက် ၁၅ နှစ်မှ အသက် ၁၈ နှစ်အတွင်းရှိ ပြိုင်ပွဲဝင် ကျောင်းသား ကျောင်းသူ ၃၃ ဦးကို ယခုနှစ် မေ ၃၀ ရက်က ရေးဖြေစစ်ဆေးခြင်းနှင့် အကဲဖြတ်ဒိုင်အဖွဲ့ဝင်များဖြင့် လူတွေ့စစ်ဆေးခြင်းများ ပြုလုပ်၍ ကျောင်းသား ကျောင်းသူ ၁၀ ဦး ရွေးချယ်ခဲ့ကြောင်း၊ ၎င်းကျောင်းသား ကျောင်းသူ ၁၀ ဦးအား ယခုနှစ် ဇွန် ၁ ရက်က မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (ရန်ကုန်) Studio-A ခန်းမ၌ 10th ASEAN Quiz (National level) ပြိုင်ပွဲ ပြုလုပ်၍ ပထမ၊ ဒုတိယ၊ တတိယရရှိသူ သုံးဦးနှင့် အရန်နှစ်ဦး စုစုပေါင်း ငါးဦး ရွေးချယ်ခဲ့ကြောင်း၊ အဆိုပါ ရွေးချယ်ခံရသည့် ကျောင်းသား ကျောင်းသူများအား အာဆီယံ အသိုက်အဝန်းနှင့် မဏ္ဍိုင်အသီးသီး၏ တာဝန်ခံ ဝန်ကြီးဌာနများမှ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူ များနှင့် ပညာရေးဝန်ကြီးဌာနမှ နိုင်ငံတကာ ဆက်ဆံရေးဘာသာရပ်နှင့် အင်္ဂလိပ်ဘာသာဆိုင်ရာ ကျွမ်းကျင်သူများက ယခုနှစ် ဇွန်လမှ နိုဝင်ဘာလ အထိ လေ့ကျင့်သင်ကြားပေးခဲ့ကြပြီး နိုင်ငံအဆင့် ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ သုံးဦးကို အဆင့်ဆင့်စိစစ်ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါပြိုင်ပွဲ ကျင်းပမည့် နေပြည်တော် MICC-2 တွင် ဒီဇင်ဘာ ၁၀ ရက်မှစ၍ အခမ်းအနားပြင်ဆင် ခြင်း၊ ဖျော်ဖြေရေးအစီအစဉ်များ လေ့ကျင့်ခြင်း၊ ရုပ်သံဆိုင်ရာများ၊ နည်းပညာပိုင်းဆိုင်ရာ စက်ပစ္စည်းများ တပ်ဆင်ခြင်း၊ Network ချိတ်ဆက်ခြင်းနှင့် Quiz360 Software စမ်းသပ်ခြင်းများကို ပြုလုပ် လျက်ရှိသည်။
သတင်းစဉ်