Skip to main content

ပုံနှိပ်လုပ်ငန်းများ အရည်အသွေးပြည့်မီအောင် ကြိုးစားဆောင်ရွက်

ရန်ကုန် ဒီဇင်ဘာ ၁၀

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်ဦးဌေးအောင်၊ မြန်မာနိုင်ငံ ဂီတအစည်းအရုံးဥက္ကဋ္ဌ ဦးလွင်မြင့်တို့နှင့်အတူ ယမန်နေ့ ညနေပိုင်းက (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားစတူဒီယိုတွင် ကျင်းပပြုလုပ်သည့် တူယှဉ်နွှဲပျော်ဂီတပွဲတော် သီချင်းဆိုပြိုင်ပွဲ၏ ပွဲစဉ် (၁၅) ကို တက်ရောက်ကြည့်ရှုပြီး ဒိုင်အဖွဲ့ဝင်များနှင့် ပြိုင်ပွဲဝင်များကို ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးသည်။

ယနေ့နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးသည် သိမ်ဖြူလမ်းရှိ ဗဟိုပုံနှိပ်စက်ရုံတွင် ပုံနှိပ်လုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး စက်ရုံမှူးနှင့် အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံ၍ ပုံနှိပ်လုပ်ငန်းများ အရည်အသွေးပြည့်မီအောင် ကြိုးစားဆောင်ရွက်ရေး၊ သတ်ပုံသတ်ညွှန်းကအစ မမှားယွင်းအောင် သတ်မှတ်ထားသည့် လုပ်ထုံးလုပ်နည်းများနှင့်အညီ အဆင့်ဆင့်အတည်ပြု ပုံနှိပ်ရေး၊ လုပ်ငန်းတွင် အန္တရာယ်မရှိစေရေးနှင့် လျှပ်စစ်မီးမှအစ မီးဘေးအန္တရာယ်ကာကွယ်ရေးတို့ကို ဆောင်ရွက်ထားရှိရေးနှင့် လုပ်ငန်းခွင်အတွင်း ကိုဗစ်-၁၉ သတ်မှတ်စည်းကမ်းနှင့်အညီ နေထိုင်တာဝန် ထမ်းဆောင်ရေးတို့ကို မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်၊ ဓာတ်ပုံ - ဇော်မင်းလတ်