Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ၂၀၂၃ ခုနှစ်၊ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့်တိုင်းဒေသကြီး (အလွတ်တန်းဖိတ်ခေါ်) U-18 (အမျိုးသမီး) ဘောလုံးပြိုင်ပွဲ တက်ရောက်ကြည့်ရှုအားပေး

နေပြည်တော် ဒီဇင်ဘာ ၁၀

မြန်မာ့ဘောလုံး အားကစားလောကအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်နှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ် (အမျိုးသမီး) ဘောလုံးအားကစားသမားများစွာ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်း၍ ၂၀၂၃ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေး နေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့် တိုင်းဒေသကြီး (အလွတ်တန်းဖိတ်ခေါ်) U-18 (အမျိုးသမီး) ဘောလုံးပြိုင်ပွဲ အုပ်စုရှုံးထွက်ပွဲစဉ်များကို ယနေ့မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ဝဏ္ဏသိဒ္ဓိ အားကစားကွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ် (၁) နှင့် ကွင်းအမှတ် (၃) တို့၌ ဆက်လက်ကျင်းပသည်။

ကြည့်ရှုအားပေး

ပြိုင်ပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသော Jeng Phang နော်တောင်၊ ဒေါက်တာ ဗညားအောင်မိုးနှင့်ဇနီး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် ဘောလုံးအားကစား ဝါသနာရှင်များ လာရောက်ကြည့်ရှု အားပေးကြသည်။

U-18 (အမျိုးသမီး) ဘောလုံး ပြိုင်ပွဲ အုပ်စုရှုံးထွက်ပွဲစဉ်တွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း လေ့ကျင့်ရေးကွင်းအမှတ် (၁) ၌ စစ်ကိုင်းတိုင်းဒေသကြီးအသင်းက မန္တလေးတိုင်းဒေသကြီးအသင်းကို နှစ်ဂိုး - တစ်ဂိုးဖြင့်လည်းကောင်း၊ လေ့ကျင့်ရေးကွင်းအမှတ် (၃) ၌ ရန်ကုန်တိုင်းဒေသကြီးအသင်းက မွန်ပြည်နယ်အသင်းကို လေးဂိုး- နှစ်ဂိုးဖြင့်လည်းကောင်း ယှဉ်ပြိုင်အနိုင်ရရှိခဲ့ကြသည်။

အခမဲ့လာရောက် ကြည့်ရှုနိုင်

ဒီဇင်ဘာ ၁၁ ရက်တွင် ပြိုင်ပွဲတစ်ရက်နားမည်ဖြစ်ပြီး ဒီဇင်ဘာ ၁၂ ရက် မွန်းလွဲ ၃ နာရီမှစတင်၍ U-18 (အမျိုးသမီး) ဘောလုံးကွာတားဖိုင်နယ်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ဝဏ္ဏသိဒ္ဓိအားကစားကွင်း လေ့ကျင့်ရေးကွင်း အမှတ်(၁)၌ ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးအသင်း၊ လေ့ကျင့်ရေးကွင်းအမှတ် (၃) ၌ ရှမ်းပြည်နယ်အသင်းနှင့် မကွေးတိုင်းဒေသကြီးအသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်၍ မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှု အားပေးနိုင်ကြောင်း သိရှိရသည်။

သတင်းစဉ်