Skip to main content

ရုရှား-မြန်မာ နှစ်နိုင်ငံပူးပေါင်း၍ စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းနေရာများကို သွားရောက်လေ့လာ

နေပြည်တော် ဒီဇင်ဘာ ၉

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်ဓာတ်အားရရှိရေးသည် အဓိကကျသည့် အခန်းကဏ္ဍ၌ ပါဝင်နေသဖြင့် နိုင်ငံတစ်ဝန်း ဓာတ်အားလုံလောက်စွာ ဖြန့်ဖြူးပေးရန် ရရှိနိုင်သမျှသော စွမ်းအင်အရင်း အမြစ်မျိုးစုံမှ ဓာတ်အားထုတ်လုပ်နိုင်ရန် ပြည်တွင်း/ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်နိုင်ရန် ရုရှား-မြန်မာ နှစ်နိုင်ငံပူးပေါင်း၍ စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်မှုအစီအစဉ်အရ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် ROSATOM မှ ကိုယ်စားလှယ်နှင့်အဖွဲ့သည် ယနေ့တွင် နေပြည်တော် ကောင်စီနယ်မြေအတွင်း စီမံကိန်းလုပ်ငန်းနေရာများသို့ လေ့လာကြည့်ရှုကြသည်။

မြန်မာနိုင်ငံသို့ ရောက်ရှိနေသော ရုရှားဖက်ဒရေးရှင်းနိုင်ငံ Russian State Atomic Energy Corporation “ROSATOM” မှ ကိုယ်စားလှယ်အဖွဲ့သည် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာန၊ ဒီဇိုင်းနှင့် ပုံထုတ်ဌာနခွဲ၊ စူးစမ်းလေ့လာရေးဌာနခွဲနှင့် ဘူမိဗေဒဌာနခွဲတို့မှ တာဝန်ရှိသူများနှင့်အတူ ဇေယျာသီရိမြို့နယ် ဇီးရိုင်းကျေးရွာ၊ သစ်တော်ကျေးရွာအုပ်စု၊ ငါးတဲစုကျေးရွာ၊ ပေါင်းလောင်းရေလှောင်တမံအနီးရှိ မြေနေရာတို့ကို အပူစွမ်းအင်ဆိုင်ရာစီမံကိန်းတို့နှင့်ဆက်စပ်သော ကျောက်သား Mechanic ဆိုင်ရာများလေ့လာခြင်း၊ ရေရရှိနိုင်မှု၊ ငလျင်နှင့် ပြတ်ရွေ့များလေ့လာခြင်း၊ သယ်ယူ ပို့ဆောင်ရေးလမ်းကြောင်းများ၊ သဘာဝပတ်ဝန်း ကျင်အ‌ခြေအနေနှင့် လူမှုဘဝနေထိုင်မှုတို့ကို လေ့လာကြသည်။ ထို့နောက် ပေါင်းလောင်းရေလှောင်တမံ၌ ရေဝင်ရောက်မှု၊ တမံတည်ဆောက်ထားရှိမှုနှင့် တမံအမြင့်စသည်တို့ကိုလေ့လာပြီး စီမံကိန်းတည် ဆောက်မည့်နေရာနှင့် ပတ်သက်၍ မြေနေရာရွေးချယ် ဆောင်ရွက်မှုကို သက်ရောက်နိုင်မှု တို့ကို လေ့လာကြည့်ရှုခဲ့ကြသည်။ ထို့ပြင် ပေါင်းလောင်းရေအား လျှပ်စစ်စက်ရုံမှ ဓာတ်အားထုတ်လုပ်၍ ထွက်ရှိလာသောရေများကို ဆက်လက်အသုံးပြုနိုင်ရန်အတွက် ဖြစ်နိုင်ခြေရှိသော အသေးစား ရေအားလျှပ်စစ် စီမံကိန်းနေရာကိုလည်း လေ့လာကြည့်ရှုခဲ့ကြသည်။

မွန်းလွဲပိုင်းတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်တွေ့ဆုံကာ လေ့လာ တွေ့ရှိချက်များအပေါ် အခြေခံ၍ အသေးစိတ် Seismic တိုင်းတာခြင်းလုပ်ငန်းများ ဆောင်ရွက် နိုင်ရန် မိမိတို့ကပြုစုထားရှိသည့် တိုင်းထွာရရှိချက်များကိုလည်းကောင်း၊ လျာထားစီမံကိန်း နေရာများ၏ ငလျင်ပြတ်ရွေ့ကြော အခြေအနေများကိုလည်းကောင်း၊ အသေးစား ရေအားလျှပ်စစ်စီမံကိန်းများ ဆောင်ရွက်နိုင်မှု အခြေအနေများကိုလည်းကောင်း အသေးစိတ်ဆွေးနွေးခဲ့ကြပြီး ဆက်လက်ပူးပေါင်းဆောင်ရွက်ရန်အတွက် ကျွမ်းကျင်ပညာရှင်များအဖွဲ့ ဖွဲ့စည်းရန် စီစဉ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်