Skip to main content

အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့အခမ်းအနားကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြား

နေပြည်တော် ဒီဇင်ဘာ ၉

အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန-၁ ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ မန်းငြိမ်းမောင်၊ ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊   ဒုတိယဝန်ကြီးများ၊ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencing ဖြင့် တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာ၌ မိမိတို့နိုင်ငံသည် ၂၀၀၅ ခုနှစ်တွင် ကုလသမဂ္ဂအဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာကွန်ဗင်းရှင်းကို လက်မှတ်ရေးထိုးခဲ့ပြီး  ၂၀၁၂ ခုနှစ်တွင် ၁၆၅ နိုင်ငံမြောက် အဖွဲ့ဝင်နိုင်ငံဖြစ်လာခဲ့ပါကြောင်း၊ ကွန်ဗင်းရှင်းကချမှတ်ထားသည့်အချက်များ၊ လိုက်နာကျင့်သုံးရမည့်ကျင့်ဝတ်များကို သဘောတူလက်မှတ်ရေးထိုးထားပြီး အဖွဲ့ဝင်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း။

နှစ်စဉ် ဒီဇင်ဘာလ ၉ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့အဖြစ်သတ်မှတ်ပြီး ကုလသမဂ္ဂ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံများက အထိမ်းအမှတ်အခမ်းအနားများကို ကမ္ဘာတစ်ဝန်း၌ နှစ်စဉ်ကျင်းပပြုလုပ်လျက်ရှိရာ မိမိတို့မြန်မာနိုင်ငံကလည်း ၂၀၁၇ ခုနှစ်မှစပြီး နှစ်စဉ်ကျင်းပပြုလုပ်လျက်ရှိပါကြောင်း။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်၏တာဝန်များကို နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ တာဝန်ယူထမ်းဆောင်နေစဉ်ကာလအတွင်း ချမှတ်ထားသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဦးတည်ချက်များနှင့်အညီ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ တိုင်းရင်းသားပြည်သူအားလုံး စည်းလုံးညီညွတ်ရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးအတွက် အလေးထားကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း။

ထိုသို့ ဆောင်ရွက်ရာတွင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုနှင့် တည်ငြိမ်အေးချမ်းမှုကို ဘက်ပေါင်းစုံမှထိခိုက်စေနိုင်သည့် အဂတိလိုက်စားမှုများ လျော့နည်းကျဆင်းသွားစေရေးသည် အလွန်အရေးကြီးပါကြောင်း၊ အဂတိလိုက်စားမှုသည် အကျင့်ပျက်ခြစားမှုများနှင့် လူများ၏စိတ်ဓာတ်နှင့် စာရိတ္တများပျက်စီးစေပြီး နိုင်ငံအတွက် အန္တရာယ်ဖြစ်သဖြင့် နိုင်ငံတော်ကအဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို ၂၀၁၃ ခုနှစ်၊ ဩဂုတ်လ(၇)ရက်နေ့တွင် ပြဋ္ဌာန်းထားပြီး ထိရောက်သည့်ဟန့်တားဆောင်ရွက်မှုများနှင့် အရေးယူဆောင်ရွက်ခြင်းများကို ဆောင်ရွက်လျက်ရှိနေပါကြောင်း၊ ပြောင်းလဲလာသည့် ခေတ်နှင့်အညီ ပုံစံအမျိုးမျိုးဖြင့်ပေါ်ပေါက်လာသည့် အဂတိလိုက်စားမှုများကို တားဆီးကာကွယ်အရေးယူနိုင်ရန်အတွက် အဆိုပါဥပဒေကို စတုတ္ထအကြိမ်အထိ ပြင်ဆင်ပြဋ္ဌာန်းထားပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကိုလည်း အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။

သန့်ရှင်းသောအစိုးရနှင့် ကောင်းမွန်သောအုပ်ချုပ်ရေးစနစ်ဖြစ်ပေါ်လာစေရေး၊ အများပြည်သူဆိုင်ရာအုပ်ချုပ်ရေးတွင် ဂုဏ်သိက္ခာနှင့် တာဝန်ယူနိုင်မှုမြင့်မားတိုးတက်လာစေရေး၊ လူ့အဖွဲ့အစည်းနှင့် နိုင်ငံသားများ၏ အခွင့်အရေးနှင့် အကျိုးစီးပွားများကို ထိခိုက်မှုမရှိစေရေးတို့အတွက် မိမိတို့အနေဖြင့် ဘက်ပေါင်းစုံက အလေးထားဆောင်ရွက်လျက်ရှိသည်ကို အသိပေးပြောကြားလိုပါကြောင်း။

အဂတိလိုက်စားမှုကို အဓိပ္ပာယ်ဖွင့်ဆိုကြရာတွင် လာဘ်ပေးလာဘ်ယူခြင်းထက် ပိုမိုကျယ်ဝန်းပါကြောင်း၊ ခြိမ်းခြောက်ငွေညစ်ခြင်း၊ လိမ်လည်ခြင်း၊ နိုင်ငံတော်ပိုင်ဘဏ္ဍာနှင့် ပစ္စည်းများကို အလွဲသုံးစားပြုခြင်း၊ ပြည်သူပိုင်ပစ္စည်းများကို ကိုယ်ပိုင်ပစ္စည်းအဖြစ်သုံးစွဲခြင်း၊ မလျော်ဩဇာသုံး၍ မဲဆွယ်ခြင်း၊ မိမိမိသားစုနှင့် ဆွေမျိုး ကောင်းစားရေးဝါဒ အသုံးပြုခြင်း၊ မိမိနှင့် နီးစပ်အဆင်ပြေသူ ကောင်းစားရေးဝါဒ ရှိခြင်းတို့သည် အဂတိလိုက်စားမှုမြောက်သည့် အပြုအမူများဖြစ်ပါကြောင်း။

နိုင်ငံတော်က ပြဋ္ဌာန်းထားသည့် တည်ဆဲဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းတစ်ရပ်ရပ်ကို ဖောက်ဖျက်ပြီး နိုင်ငံတော်၏ ငွေကြေး၊ ပစ္စည်းနှင့်ပိုင်ဆိုင်မှုများကို ထိခိုက်နစ်နာစေခဲ့ပါက အဂတိလိုက်စားမှုမြောက်မည်ဖြစ်သည့်အတွက် တည်ဆဲဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ သတိထားလိုက်နာလုပ်ဆောင်ကြရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ တည်ဆဲဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့်စပ်လျဉ်းပြီး မရှင်းလင်းသည့်အချက်များ၊ ဒွိဟဖြစ်ဖွယ်ရာအကြောင်းအရာများတွေ့ရှိပါက သက်ဆိုင်ရာပြည်ထောင်စုအဆင့်ဌာန၊ အဖွဲ့အစည်းများထံမှ သဘောထားမှတ်ချက်တောင်းခံပြီးပေးပို့လာသည့် သဘောထားမှတ်ချက်များနှင့်အတူ အထက်အဖွဲ့အစည်းသို့ လမ်းညွှန်မှုခံယူဆောင်ရွက်သွားရန် လိုအပ်သည်ကို ပြောကြားလိုပါကြောင်း။

အဂတိလိုက်စားမှု လျော့နည်းကျဆင်းစေရေး ဆောင်ရွက်ရာတွင် စုံစမ်းစစ်ဆေးအရေးယူမှုတစ်ခုတည်းဖြင့် ဆောင်ရွက်မည်ဆိုပါက လုံလောက်မှုမရှိနိုင်ပါကြောင်း၊ အဂတိလိုက်စားမှုကို လုံးဝလက်မခံသည့် ယဉ်ကျေးမှုတစ်ရပ်ပေါ်ထွန်းလာစေရေးနှင့် အကျင့်ပျက်ခြစားမှုများမရှိစေရေးအတွက် အခြေခံအကျဆုံးဖြစ်သည့် အသိပညာပေးရေးနှင့် တားဆီးကာကွယ်ရေးလုပ်ငန်းစဉ်များကိုပါ အချိန်နှင့်တစ်ပြေးညီ အလေးထားလုပ်ဆောင်သွားကြရန် လိုအပ်မည်ဖြစ်ပါကြောင်း။

အဂတိလိုက်စားမှုတိုက်ဖျက်ရေး၏ အနှစ်သာရသည် အများပြည်သူ၏ အကျိုးစီးပွားကိုကာကွယ်ပေးရန်နှင့် အဂတိကင်းစင်သည့် လူ့အဖွဲ့အစည်းဖြစ်စေရန်ဖြစ်ပါကြောင်း၊ ပြည်သူ့ဝန်ထမ်းများနှင့် နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံတော်အစိုးရနှင့် ပြည်သူများအကြား ပေါင်းကူးတံတားများသဖွယ် ဆက်သွယ်ဆက်ဆံပြီး ယုံကြည်မှုတည်ဆောက်ပေးရသူများလည်းဖြစ်ပါကြောင်း၊ ကောင်းမွန်သည့်အုပ်ချုပ်ရေးကိုပုံဖော်ရာတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များသည် အရေးပါသကဲ့သို့ ပြည်သူ့ဝန်ထမ်း၊ နိုင်ငံ့ဝန်ထမ်းများ၏ စည်းကမ်းလိုက်နာမှု၊ ဖြောင့်မတ်တည်ကြည်မှုနှင့် ကျင့်ဝတ်စောင့်ထိန်းမှုများမှ လမ်းချော်လွဲမှားသွားစေသည့် အဓိကအချက်မှာ အဂတိ လိုက်စားမှုပင်ဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် သတ်မှတ်ထားသည့် စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်း၊ ကျင့်ဝတ်များနှင့်အညီ လိုက်နာဆောင်ရွက်ကြမည်ဆိုပါက ပြည်သူများ၏ ယုံကြည်မှုကိုရရှိပြီး ကောင်းမွန်သည့်အုပ်ချုပ်မှုစနစ်ကိုဖြစ်ပေါ်စေပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ ဖြောင့်မတ်တည်ကြည်မှုရှိစေရေးနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးတို့တွင် ပူးပေါင်းပါဝင်လာစေရေးအတွက် ထုတ်ပြန်ထားသည့် ကျင့်ဝတ်များကို လိုက်နာကြစေရေးနှင့် ကျင့်ဝတ်ဆိုင်ရာသင်တန်းများသည်လည်းအရေးပါသည်ကို အသိပေးပြောကြားလိုပါကြောင်း။

“အဂတိ လိုက်စားမှုများလေလေ ဆင်းရဲနွမ်းပါးမှုများလေ၊ ဆင်းရဲနွမ်းပါးမှုများလေလေ အဂတိလိုက်စားမှုများလေ” ဖြစ်သည့်အတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေး မဟာဗျူဟာစီမံချက် (၂၀၂၂-၂၀၂၅)ကိုရေးဆွဲချမှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊  အဆိုပါအဂတိလိုက်စားမှုတိုက်ဖျက်ရေး မဟာဗျူဟာစီမံချက်တွင်တားဆီးကာကွယ်ခြင်း၊ အသိပညာပေးခြင်းနှင့် စုံစမ်းစစ်ဆေးအရေးယူခြင်းဆိုသည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်သုံးရပ်ကို ဟန်ချက်ညီညီ ပေါင်းစပ်လုပ်ဆောင်ကြစေရန်ရေးဆွဲထားပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမျိုးသားရေးမျှော်မှန်းချက်သည် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာပေါများရေးဖြစ်ပါကြောင်း၊ ဆက်စပ်ပြီး ပြည်တွင်းစီးပွားရေးမြှင့်တင်ခြင်း ဖြင့် ပြည်သူတို့၏ဘဝ ဖွံ့ဖြိုးတိုးတက်ရန်ဖြစ်ပါကြောင်း၊ တစ်နည်းအားဖြင့် ပြည်တွင်းကုန်ထုတ်လုပ်မှုများကို  အားပေးခြင်းဖြစ်ပါကြောင်း၊ ပြည်တွင်းစီးပွားရေးတိုးတက်လာပါက ဆင်းရဲနွမ်းပါးမှုလျှော့ချနိုင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဆက်စပ်နေသည့်လုပ်ငန်းများအားလုံးအောင်မြင်ရန် မိမိတို့ ကြိုးစားလုပ်ဆောင်ရမည်ဖြစ်ပါကြောင်း။

အဂတိလိုက်စားမှုတိုက်ဖျက်ရေး မဟာဗျူဟာစီမံချက်နှင့်အညီ အများပြည်သူဆိုင်ရာအဖွဲ့အစည်းများ၏ ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေးကို ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စုဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များတွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit - CPU)များ တိုးချဲ့ဖွဲ့စည်းထားပြီးဖြစ်သည့်အတွက် သက်ဆိုင်ရာအောက်ခြေအဆင့်များကစပြီး ထိန်းသိမ်းဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း၊ ထို့ပြင် အသေးစားအဂတိလိုက်စားမှုများကို ထိရောက်စွာဟန့်တားနိုင်ရန်အတွက် “အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ် (Public Feedback Programme - PFP)” ကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဓိကအားဖြင့် မိမိကိုယ်တိုင်က အဂတိလိုက်စားမှုကို သတိထားရှောင်ရှားပြီး ပတ်ဝန်းကျင်၏ ပြောဆိုဝေဖန်မှုများကို ဂရုစိုက်သတိထားလုပ်ဆောင်သွားခြင်းဖြင့် အဂတိလိုက်စားမှုလျော့နည်းရာမှ လုံးဝကင်းစင်ပပျောက်သည့် လူ့ပတ်ဝန်းကျင်ကိုဖော်ဆောင်ကြရန်ဖြစ်ပါကြောင်း။

ထို့ပြင် အခြေခံပညာ ကျောင်းများတွင်အဂတိကင်းစင်သည့် ယဉ်ကျေးမှု၊ အဂတိကင်းစင်သည့် လူ့အဖွဲ့အစည်း၏ အခြေခံမူသဘောတရားများ ပြန့်ပွားစေရေးအတွက် “ကျောင်းသားလူငယ် ဖြောင့်မတ် တည်ကြည်မှုမြှင့်တင်ရေး အသိပညာပေးအစီအစဉ် (Edu-tainment)” များကို ထည့်သွင်းလုပ်ဆောင်နေပြီဖြစ်ပါကြောင်း၊ ယခုကဲ့သို့ တစ်ဆင့်ချင်း အသိပညာပေးဆောင်ရွက်မှုဖြင့် အနာဂတ်တွင် ဖြောင့်မတ်သော၊ ကိုယ်ကျင့်တရားပြည့်ဝသော နိုင်ငံ့သားကောင်းများ ဖြစ်ထွန်းပေါ်ပေါက်လာစေရန် ဆောင်ရွက်နေပြီဖြစ်သည့်အတွက် အဆိုပါအစီအစဉ်အောင်မြင်ရေး အလေးထားဆောင်ရွက်ကြရန် မှာကြားလိုပါကြောင်း။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် “အဂတိပယ်ခွာ ပြည်သာယာ” ဆိုသည့် ဆောင်ပုဒ်အတိုင်း အဂတိလိုက်စားမှုကျူးလွန်ခြင်းများကို လျော့နည်းပပျောက်စေရေးအတွက် မူဝါဒနှင့်ဥပဒေမူဘောင် ခိုင်မာရေးလုပ်ထုံးလုပ်နည်းများ ရှင်းလင်းခိုင်မာရေးတို့ကို အလေးထားဆောင်ရွက်လျက်ရှိသည်ကို ပြောကြားလိုပါကြောင်း။

အဂတိလိုက်စားမှုများသည် အသွင်အမျိုးမျိုးဆောင်ပြီးဖြစ်ပေါ်နေခြင်းဖြစ်သည့်အတွက် ဥပဒေကြောင်းအရသာမက ကောင်းမွန်သော ကိုယ်ကျင့်တရားထွန်းကားရေးနည်းလမ်းများအရပါ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ နိုင်ငံဝန်ထမ်း၊ ပြည်သူ့ဝန်ထမ်းများသာမက အများပြည်သူများနှင့်လည်း သက်ဆိုင်သည့်အကြောင်းအရာဖြစ်သည့်အတွက် အားလုံးပါဝင်ဆောင်ရွက်ကြရန် လိုအပ်သည်ဟု တိုက်တွန်းပါကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးက ဘက်လိုက်မှုကင်းရှင်းပြီး မှန်ကန်မျှတ၍ တာဝန်ခံမှုရှိသည့် တရားစီရင်ရေးနှင့် အဂတိတရားကင်းစင်သည့် တရားစီရင်ရေးဖြစ်ထွန်းရေးအတွက် ဆောင်ရွက်နေမှုအခြေအနေများကိုလည်းကောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးသန်းဆွေက ကော်မရှင်၏လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် အပြည်ပြည်ဆိုင်ရာအဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် Video Clip ကို ကြည့်ရှုကြပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေး လှုပ်ရှားမှုမှတ်တမ်းဓာတ်ပုံများကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။