Skip to main content

(၂၁)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲမှ စကားသံများ

နွယ်မြက်သစ်ပင် ဆေးဖက်ဝင်၏ဟု ဆိုသည့်အတိုင်း ရှေးခေတ်အဆက်ဆက်မှ တည်ရှိခဲ့သည့် မြန်မာ့တိုင်းရင်း ဆေးပညာသည် ယနေ့မျက်မှောက်ခေတ် ကာလတိုင်အောင် အစဉ်အဆက် အားကိုးအားထား ပြုနေရဆဲဖြစ်သည်။

မြန်မာတိုင်းရင်းဆေးနှင့် ကုထုံးများ မတိမ်ကောမပပျောက်စေရန် ထိန်းသိမ်း စောင့်ရှောက်ခဲ့ကြပြီး ဖွံ့ဖြိုးတိုးတက်လာသည့် မြန်မာ့တိုင်းရင်းဆေးပညာကို ရိုးရာအမွေအနှစ် အမျိုးသားယဉ်ကျေးမှု တစ်ရပ်အနေဖြင့် ဆက်လက်ထိန်းသိမ်း စောင့်ရှောက်နိုင်ရန်နှင့် ခိုင်မာစွာရပ်တည်လျက်ရှိသည့် မြန်မာ့တိုင်းရင်း ဆေးပညာရပ်များ ရေရှည်တည်တံ့ခိုင်မြဲ စေရန်ရည်ရွယ်၍ (၂၁) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေး သမားတော်များ ညီလာခံနှင့်တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟို ဌာန-၂ ၌ ယနေ့ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားသို့ တက်ရောက်လာကြသည့် ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ပြခန်းတာဝန်ခံများ၊ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီနှင့် တိုင်းရင်းဆေးထုတ်လုပ်သူများ၏ စကားသံများ ကို စုစည်းဖော်ပြလိုက်ရပါသည်။

ဒေါ်စုစုဒွေး (ညွှန်ကြားရေးမှူးချုပ်၊တိုင်းရင်းဆေးပညာဦးစီးဌာန)

မြန်မာ့တိုင်းရင်းဆေး သမားတော်များညီလာခံကို တိုင်းရင်းဆေးပညာတိုးတက်ဖို့၊ တိုင်းရင်းဆေးဝါးထုတ်လုပ်တဲ့ လုပ်ငန်းစနစ်ကျဖို့၊ တိုင်းရင်းဆေးသမားတော်များဟာ ကျင့်ဝတ်သိက္ခာနဲ့အညီ ဆောင်ရွက်ကြဖို့ ရည်ရွယ်ချက်သုံးခုနဲ့ ကျင်းပတာဖြစ်ပါတယ်။ ညီလာခံကျင်းပခြင်းဖြင့် ပိုမိုအစွမ်းထက်ကောင်းမွန်တဲ့ တိုင်းရင်းဆေးဝါးတွေကို ဖော်ထုတ်လာမယ်။ တိုင်းရင်းဆေးပညာ ရှင်တွေအနေနဲ့ အသိပညာ၊ အတတ်ပညာ၊ ကုထုံးတွေပိုမိုတိုးတက်မြင့်မား လာပြီး ပြည်သူတွေကို ကျန်းမာရေး စောင့်ရှောက်မှုတွေ ပိုမိုပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဒီပွဲမှာ တိုင်းရင်းဆေးလုပ်ငန်းရှင်တွေလည်းပါတယ်။ လုပ်ငန်းရှင်တွေအနေနဲ့လည်း ပိုမိုစိတ်ချယုံကြည်ရတဲ့ တိုင်းရင်းဆေးတွေကို နည်းပညာ အသစ်အဆန်းတွေနဲ့ ထပ်မံထုတ်လုပ်နိုင်လာမှာ ဖြစ်ပါတယ်။

ညီလာခံမှာ တိုင်းရင်းဆေးပညာရဲ့ အခြေခံဖြစ်တဲ့ နယကြီးလေးပါးကို ရိုးရာမပျက် ဆက်လက်ထိန်းသိမ်း စောင့်ရှောက်ပြီး အစွမ်းထက်တိုင်းရင်း ဆေးဝါးတွေကို ဖော်ထုတ်ဖို့၊ တိုင်းရင်းဆေးဆရာတွေ လိုက်နာရမယ့် ကျင့်ဝတ်တွေကိုလိုက်နာပြီး ကျင့်ကြံဆောင်ရွက်ကြဖို့ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ အိမ်တိုင်း၊ မိသားစုတိုင်းမှာ မြန်မာတိုင်းရင်းဆေးတွေရှိပါတယ်။ ပြည်သူတွေအနေနဲ့ ယုံယုံကြည်ကြည်သုံးစွဲနေ ကြပါတယ်။ ခေတ်မီတိုးတက်လာပြီဆိုတော့ ရိုးရာကိုပဲသုံးသုံး ခေတ်မီနည်းပညာကိုပဲဖော်ဖော် ဖော်လာတဲ့ တိုင်းရင်းဆေးက ပြည်သူလူထုအတွက် ဘေးကင်းလုံခြုံစိတ်ချပြီး အစွမ်းထက်တဲ့ တိုင်းရင်းဆေးတွေဖြစ်အောင် တိုင်းရင်းဆေးပညာဦးစီးဌာနအပါအဝင် တိုင်းရင်းဆေးပညာရှင်တွေ၊ ထုတ်လုပ်တဲ့လုပ်ငန်းရှင်တွေ၊ တိုင်းရင်းဆေးကောင်စီဝင်တွေ အားလုံးက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် နေပါတယ်။

ဦးသန်းညွန့် (ဒုတိယညွှန်ကြားရေးမှူး ချုပ်၊ တိုင်းရင်းဆေးပညာဦးစီးဌာန)

ဒီနေ့ကျင်းပတဲ့ညီလာခံနဲ့ နှီးနှောဖလှယ်ပွဲမှာ ပါဝင်ပြသထားတဲ့ တိုင်းရင်း ဆေးပြခန်းတွေဟာ တိုင်းရင်းဆေးပညာ အတွက် အရေးကြီးပါတယ်။ ဒီနှစ်မှာ ထူးထူးခြားခြား လုပ်တာက ပြခန်းတွေ ပါဝင်လာတာဖြစ်ပါတယ်။ ဒီနှစ်မှာ စိန်ရတုလွတ်လပ်ရေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ပြန်လည်ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်တဲ့အတွက် အနယ်နယ်အရပ်ရပ်က တိုင်းရင်းဆေး သမားတော်ကြီးတွေ တစ်ဦးနဲ့တစ်ဦး ဆုံတွေ့ခွင့်ရတယ်။ပညာရပ်တွေ နှီးနှော ဖလှယ်ခွင့်ရတယ်။ ကိုယ့်တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် ဆောင်ရွက်မှုတွေကို မျှဝေခွင့်ရတဲ့အတွက် အင်မတန်မှ ကောင်းပါတယ်။ နောက်ပြီး တိုင်းရင်းဆေးပညာဦးစီးဌာနအနေနဲ့ တိုင်းရင်းဆေး ပညာဖွံ့ဖြိုးတိုးတက်ဖို့ ဆောင်ရွက်နေတာရှိပါတယ်။ ဒီလိုတိုင်းရင်းဆေး ညီလာခံကြီးတွေလုပ်ပြီး ဖလှယ်ကြ၊ ဆွေးနွေးကြ၊ အကြံဉာဏ်တွေပေးကြတယ်ဆိုရင် ဒီထက်ပိုကောင်းတဲ့ တိုးတက်မှုတွေရလာမယ်လို့ မျှော်လင့်ပါတယ်။

တိုင်းရင်းဆေးပညာဟာ ခေတ်အဆက်ဆက်အမွေထိန်းလာတဲ့ ပညာရပ်ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် အမျိုးသားရေး ဆေးပညာတစ်ရပ်လို့ ပြောလို့ရပါတယ်။ ပြည်သူတွေကလည်း ဒီနေ့အထိ တိုင်းရင်းဆေးအပေါ်မှာ အားကိုးပြီးသုံးစွဲနေတာဟာ အများအသိ လည်းဖြစ်ပါတယ်။ ဒါပေမယ့် ခေတ်နဲ့ အညီ တိုးတက်အောင်ဆောင်ရွက်ဖို့ လိုလာပါတယ်။ ခေတ်နဲ့အညီ ရင်ပေါင်တန်းပြီး ပညာရပ်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ဖို့ ကျွန်တော်တို့ဦးစီးဌာနရဲ့ အဓိကတာဝန် ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဦးစီးဌာနက ဆေးဝါးတွေကို တရားဝင်ဈေးကွက်ထဲမှာ ရောင်းချ နိုင်အောင် မှတ်ပုံတင်ပေးတာတွေ၊ လိုင်စင်ထုတ်ပေးတာတွေ ဆောင်ရွက် ပေးနေပါတယ်။

ဦးမြင့်ဦး (ဥက္ကဋ္ဌ- မြန်မာနိုင်ငံတိုင်းရင်း ဆေးကောင်စီ)

မြန်မာနိုင်ငံ တိုင်းရင်းဆေးကောင်စီအနေနဲ့ တိုင်းရင်းဆေးဆရာတွေ လိုက်နာရမယ့် ကျင့်ဝတ်၊ သိက္ခာတွေကို အဓိကထား ပြသဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ တိုင်းရင်းဆေး ကောင်စီမှာ ရည်ရွယ်ချက်တွေရှိပါတယ်။ ရည်ရွယ်ချက်ခုနစ်ချက်အနက် တိုင်းရင်း ဆေးဆရာများဟာ မိမိတို့ရဲ့ကျင့်ဝတ်၊ သိက္ခာနဲ့စည်းကမ်းများကို လိုက်နာစေရေး ကြီးကြပ်ထိန်းသိမ်းရန်ဆိုတဲ့အချက်က အဓိကကျပါတယ်။ ဒါကိုတိုင်းရင်းဆေးဆရာတွေ သိရှိလိုက်နာကြဖို့ အဓိကထားပြသတာဖြစ်ပါတယ်။ မြန်မာ့တိုင်းရင်းဆေး သမားတော်များ ညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲမှာ အဆိုငါးရပ်နဲ့ ရိုးရာတိုင်းရင်းဆေးပညာ အကြောင်းကို ဖတ်ကြားတင်သွင်းသွားမှာ ဖြစ်ပါတယ်။ တိုင်းရင်းဆေးတွေ တစ်ဖုံဖော်တိုင်း သုတေသနအဆင့်ဆင့် ဆောင်ရွက်ရပါတယ်။ အဆင့်ဆင့်ဓာတ်ခွဲပြီး လုံးဝဘေးကင်းလုံခြုံ စိတ်ချရပြီဆိုမှ ဆေးဝါးမှတ်ပုံတင်ရပါတယ်။ ဒါကြောင့် ဆေးဝါးမှတ်ပုံတင်ပါတဲ့ တိုင်းရင်းဆေးတွေကို စိတ်ချယုံကြည်စွာ သုံးစွဲနိုင်ပါတယ်လို့ ပြောကြားလိုပါတယ်။

ဒေါ်စိုးစိုးယဉ်

(ကရင်ပြည်နယ် ပြခန်းတာဝန်ခံ)

ကရင်ပြည်နယ် ဒေသထွက် တိုင်းရင်းဆေးဝါးပစ္စည်းတွေနဲ့ ဆေးပင်တွေကို ဒီနေ့မှာ လာရောက်ပြသတာ ဖြစ်ပါတယ်။ ကရင်ပြည်နယ်ထွက် တိုင်းရင်းဆေးတွေကို ကရင်ပြည်နယ် အတွင်းသာမက ကျန်တဲ့တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေပါသိရှိနိုင်စေဖို့ ရည်ရွယ်ပါတယ်။ ကရင်ပြည်နယ်မှာ ခုတင် ၅၀ ဆံ့ တိုင်းရင်းဆေးရုံတစ်ရုံနဲ့ တိုင်းရင်း ဆေးကုဌာန ခုနစ်ခုကနေ ပြည်နယ်အတွင်းမှာ ဆေးကုသရေးလုပ်ငန်းတွေနဲ့ ပညာပေး ဟောပြောပွဲတွေကိုလည်း ဆောင်ရွက်ပေးပါတယ်။ ကုသရေးနဲ့ ပြည်သူလူထု ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွေကို အဓိကဆောင်ရွက်ပါတယ်။ တိုင်းရင်းဆေးတွေကို ပြည်သူတွေ ယခင်ကထက် ပိုမိုသုံးစွဲလာနေကြပါပြီလို့ ပြောကြားလိုပါတယ်။

ဒေါ်စန္ဒာဝင်း

(ဒေဝယက္ခတိုင်းရင်းဆေးတိုက်)

ဒီပွဲမှာ ပဲခူးတိုင်းဒေသကြီးကထွက်တဲ့ တိုင်းရင်းဆေးတွေကို တာဝန်ယူလာရောက် ပြသပေးခြင်းဖြစ်ပါတယ်။ ကိုဗစ် - ၁၉ ကပ်ရောဂါ ကာလအတွင်းမှာ နိုင်ငံခြားဆေးတွေ ဈေးကွက်အတွင်း ပြတ်လပ်သွားခဲ့ပါတယ်။ ဒီအချိန်မှာ တိုင်းရင်းဆေးကို အများဆုံး ယုံယုံ ကြည်ကြည်နဲ့ သုံးစွဲလာကြတယ်။ ဒါကြောင့် ကျွန်မတို့တိုင်းရင်းဆေးတွေကို ဒီထက်မက ကောင်းအောင်ထုတ်လုပ်ပြီး ပြည်သူတွေလည်း ယုံကြည်စွာနဲ့ သုံးစွဲနေချိန်မှာ နိုင်ငံတော်အကြီးအကဲကလည်း ပံ့ပိုးပေးနေတဲ့အတွက် မြန်မာတိုင်းရင်းဆေးကို ဒီထက်မကတိုးတက် အောင် ဆောင်ရွက်နေပါတယ်။

ဦးအောင်စိုးလွင် (ဆေးရုံအုပ်ကြီး၊

ခုတင် ၅၀ ဆံ့တိုင်းရင်းဆေးရုံ၊ ပဲခူးမြို့)

ကျွန်တော်တို့ ပဲခူးတိုင်းဒေသကြီးအနေနဲ့ ဒီနေ့မှာတိုင်းရင်းဆေးထုတ်လုပ်ရေး ၁၁ ခုနဲ့ ဆေးဝါးအမျိုးအမည် ၂၉ မျိုးပြသထားပါတယ်။ ဒီနှစ်ပြုလုပ်တဲ့ တိုင်းရင်းဆေးသမားတော်များ ညီလာခံနဲ့ တိုင်းရင်းဆေးပညာရှင်များ နှီးနှောဖလှယ်ပွဲဟာ ထူးခြားလေးနက်ပါတယ်။ ယခင်နှစ်ကဆိုရင် တိုင်းရင်းဆေးဝါး ထုတ်လုပ်သူတွေကသာ ပြသပြီးတော့ ဒီနှစ်ကတော့ တိုင်းဒေသကြီးနဲ့ ပြည်နယ် ကိုယ်စားပြုပြခန်းငယ်တွေ ဖွင့်လှစ် ပြသခွင့်ပေးတာဟာ အင်မတန်ထူးခြား တယ်လို့ ပြောလိုပါတယ်။ အခုညီလာခံနဲ့ နှီးနှောဖလှယ်ပွဲမှာ တိုင်းရင်းဆေးအသိ ပညာရှင်တွေ၊ အတတ်ပညာရှင်တွေ ညီညီညွတ်ညွတ်နဲ့ ပူးပေါင်းဆောင်ရွက် သွားမယ်ဆိုရင် ကျွန်တော်တို့ရဲ့ တိုင်းရင်းဆေးပညာဟာ မြန်မာမှာသာမက ကမ္ဘာ့နိုင်ငံအသီးသီးကို ထိုးဖောက်ပြီး နိုင်ငံတော်ဘဏ္ဍာငွေတောင် ရှာဖွေပေးနိုင်တဲ့ ဆေးဝါးတွေဖြစ်မယ်လို့ ယုံကြည်ပါတယ်။ နိုင်ငံအနှံ့အပြားက သမားတော် ကြီးတွေ၊ ကျွန်တော်တို့ရဲ့ ဆရာသမားတွေ၊ အပေါင်းအသင်းတွေ ဒီနေရာမှာ တစ်စုတစ်ဝေးတည်း လာရောက်တွေ့ဆုံ ရတဲ့အတွက် သက်ဆိုင်ရာတာဝန်ရှိ ပုဂ္ဂိုလ်တွေကိုလည်း အထူးပင်ကျေးဇူး တင်ရှိပါတယ်။

ဒေါ်ကြည်ဌေး (မြန်မာနိုင်ငံတိုင်းရင်းဆေး ကောင်စီအလုပ်အမှုဆောင်အဖွဲ့ဝင်)

ကျွန်မအနေနဲ့ တိုင်းရင်းဆေးသမားတော်များညီလာခံမှာ စာတမ်းတင်သွင်း မှာဖြစ်ပါတယ်။ ကျွန်မကလက်ရှိမှာ မြန်မာနိုင်ငံ တိုင်းရင်းဆေးကောင်စီ အလုပ်အမှုဆောင် အဖွဲ့ဝင်အဖြစ် တာဝန်ယူပြီး တိုင်းရင်းဆေးလောကတစ်ခုလုံး ပညာရပ်ဖွံ့ဖြိုးရေး၊ ဆေးဝါးတွေဖွံ့ဖြိုးရေး ကိစ္စတွေနဲ့ပတ်သက်ပြီး တတ်နိုင်သမျှ ဆောင်ရွက်လျက်ရှိပါတယ်။ အခုညီလာခံမှာ ကချင်ပြည်နယ်က တိုင်းရင်းသားတွေ ရိုးရာအစဉ်အဆက်အသုံး ပြုခဲ့တဲ့ ဆေးနည်းလေးတွေကို တင်ပြမှာဖြစ်ပါတယ်။ တိုင်းရင်းဆေးဦးစီးဌာန အနေနဲ့လည်း ရိုးရာတိုင်းရင်းဆေးပညာ တွေကို ဖော်ထုတ်နေတာဖြစ်တဲ့အတွက် ဒီဆေးနည်းလေးဟာ အထောက်အကူ ဖြစ်နိုင်တယ်လို့ယူဆပြီး စာတမ်းအဖြစ် ကုသိုလ်ပြုတင်သွင်းတာ ဖြစ်ပါတယ်။ ကချင်ပြည်နယ်က ဆေးဖက်ဝင်အပင် တွေကိုလည်း ပြခန်းမှာပြသထားပါတယ်။

ပြည်သူတွေကို ပြောလိုတာက တိုင်းရင်းဆေးဟာလည်း သုတေသနပြုမှုတွေ၊ စစ်ဆေးမှုတွေ အဆင့်ဆင့်နဲ့ ထုတ်လုပ်ရောင်းချကြတာ ဖြစ်တဲ့အတွက် ယုံကြည်စိတ်ချစွာ သုံးစွဲနိုင်တယ်။ တိုင်းရင်းဆေးဟာ မိမိတို့ရဲ့ရိုးရာအမွေအနှစ်လည်းဖြစ်တယ်။ ရိုးရာဆေးပညာလည်းဖြစ်တယ်။ ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုး၊ ကိုယ့်ရာသီဥတု အပေါ်မူတည်ပြီး စိုက်ပျိုးတဲ့အပင်တွေကို ဖော်စပ်တာဖြစ်တဲ့အတွက် မြန်မာနိုင်ငံမှာ နေထိုင်တဲ့ပြည်သူတွေသုံးစွဲဖို့ သင့်တော်ပါတယ်။

ဒေါက်တာသိန်းဇော်လင်း (ပါမောက္ခ ချုပ်၊ မန္တလေးတိုင်းရင်းဆေးတက္ကသိုလ်)

အခုလိုပြပွဲတွေ ကျင်းပခြင်းအားဖြင့်ပြပွဲကို လာရောက်ကြတဲ့ ပြည်သူလူထုကို တိုင်းရင်းဆေးတက္ကသိုလ်နဲ့ ပတ်သက်ပြီး သတင်းအချက်အလက် မြောက်မြားစွာကို ပေးနိုင်ပါတယ်။ ကျွန်တော်တို့ တက္ကသိုလ်ကပြီးရင် တိုင်းရင်းဆေးဆရာအဖြစ်၊ တိုင်းရင်းဆေးသမားတော်အဖြစ် အသက်မွေးလို့ရပါပြီ။ တက္ကသိုလ်ကနေရတဲ့ တိုင်းရင်းဆေးဆရာ မှတ်ပုံတင် လက်မှတ်(တ/ဆ) ရှိသွားပြီဆိုရင် တိုင်းရင်းဆေးဝါးတွေကို ကိုယ်ပိုင်ထုတ်လုပ်ပြီး ဖြန့်ဖြူးရောင်းချနိုင်ပါတယ်။ တိုင်းရင်းဆေးပညာဦးစီးဌာနက ဆေးရုံ၊ ဆေးခန်း၊ တက္ကသိုလ်တွေမှာ ဝန်ထမ်းအဖြစ် ပြန်ပြီးတော့ လုပ်နိုင်ပါတယ်။ နောက်တစ်ခုက ဘွဲ့လွန်ဒီဂရီတွေ တက်ပြီးပြီဆိုရင် ပြည်တွင်း၊ ပြည်ပတွေမှာ ဆက်ပြီးအဆင့်မြင့်တဲ့ တိုင်းရင်း ဆေးပညာရပ်တွေကို သင်ယူနိုင်ပါတယ်။ ဒါတွေက ကျွန်တော်တို့ တိုင်းရင်းဆေး တက္ကသိုလ်က အောင်မြင်သွားတဲ့သူတွေရဲ့ အားသာချက်တွေ ဖြစ်ပါတယ်။

ပြခန်းအတွက်ကတော့ တိုင်းရင်းဆေးတက္ကသိုလ်ကဌာနကြီး ခြောက်ခုကနေလုပ်ထားတဲ့ သုသေသနရလဒ် ကောင်းတွေကို ပြသထားတာ ဖြစ်ပါတယ်။ တိုင်းရင်းဆေး တက္ကသိုလ်ကို လျှောက်ချင်တယ်ဆိုရင် အသက်မွေးဝမ်းကျောင်း တက္ကသိုလ်နည်းတူ အမှတ်နဲ့ လျှောက်ထားရတာ ဖြစ်ပါတယ်။ အမှတ် ၃၆၀ ဆို ရပါပြီ။ ဒီနှစ်မှာ ယောကျာ်းလေး အမှတ်ဆို ၃၅၂ မှတ် အထိ သတ်မှတ်ထားပါတယ်။ တိုင်းရင်းဆေးတက္ကသိုလ်က အောင်မြင်တဲ့သူတွေဟာ အထောက်အထား ခိုင်ခိုင်မာမာရှိတဲ့ သုတေသနတွေလုပ်ပြီး အောင်မြင်မှ တိုင်းရင်းဆေးဆရာ ဘွဲ့လက်မှတ်တွေ ရပါတယ်။ အခုနောက်ပိုင်း ကျောင်းဆင်း တွေက သုတေသနနဲ့ ပတ်သက်လို့ တော်တော်လေးကို လုပ်နိုင်ကိုင်နိုင်တဲ့ စွမ်းရည်တွေရှိပါတယ်။

ဒေါ်ကြည်ကြည်သန်း (ဆေးရုံအုပ်၊ စစ်တွေတိုင်းရင်းဆေးရုံ၊ စစ်တွေမြို့)

ကျွန်မတို့ဒေသက ကမ်းရိုးတန်း ဒေသဖြစ်တဲ့အတွက် ပင်လယ်ထွက် ပစ္စည်းတွေ ပိုပြီးပြသဖြစ်ပါတယ်။ သန္တာကျောက်တန်းကထွက်တဲ့ ကျောက်ခက် ဆိုရင် အပူကိုငြိမ်းပြီး ဆီးကို ရွှင်စေပါတယ်။ ဆီးနဲ့ပတ်သက်တဲ့ဆေးတွေမှာ ပိုပြီးအသုံးများပါတယ်။ ကနုကမာက အပူကြီးတာ၊ တင်းတိတ်ကို သွေးလိမ်းတဲ့နေရာ၊ ဆီးသွေးပါတာ၊ ထိခိုက်ဒဏ်ရာတွေမှာ သုံးကြပါတယ်။ အထူးသဖြင့် ပင်လယ်ထွက်ပစ္စည်းတွေကို ဆီးရောဂါနဲ့ ပတ်သက်တဲ့ရောဂါတွေမှာ သုံးတာများပါတယ်။ အခုလိုပြပွဲတွေ ကျင်းပ ခြင်းအားဖြင့် ပြည်သူတွေ တိုင်းရင်းဆေး တွေအကြောင်းကို သိရှိလာမယ်လို့ ယုံကြည်ပါတယ်။

တွေ့ဆုံမေးမြန်း - မျိုးဆက်သစ်

ဓာတ်ပုံ - ကိုကြီးထိန်