Skip to main content

အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး) ၏ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ (၁၆) ကြိမ်မြောက် ပန်းချီ၊ ပန်းပုလက်ရာမွန်ပြပွဲနှင့် ဂီတ၊ သဘင်၊ ရုပ်ရှင်နှင့် ပြဇာတ်စင်တင် တင်ဆက်ပွဲအခမ်းအနားကျင်းပ၊ အနုပညာအထက်တန်းကျောင်း(မန္တလေး)သို့ စက်ဘီးများ ပေးအပ်လှူဒါန်း

နေပြည်တော် ဒီဇင်ဘာ ၈

အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး) ၏ ၂၀၂၁ - ၂၀၂၂ ပညာသင်နှစ် (၁၆)ကြိမ်မြောက် ပန်းချီ၊ ပန်းပုလက်ရာမွန်ပြပွဲနှင့် ဂီတ၊ သဘင်၊ ရုပ်ရှင်နှင့် ပြဇာတ် စင်တင်တင်ဆက်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် မန္တလေးမြို့ အမျိုးသားဇာတ်ရုံ၌ ကျင်းပရာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို တက်ရောက်အားပေးသည်။

အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမောင်ကိုနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ပါမောက္ခချုပ် ဦးအောင်ဆန်းဦးနှင့် ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခဌာနမှူးများ၊ တွဲဖက်ပါမောက္ခများ၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာတို့၏ ရှည်လျားလှသည့် သမိုင်းကြောင်း တစ်လျှောက် အဓွန့်ရှည်တည်တံ့ လျက်ရှိသော အနုသုခုမပညာရပ် များသည် ယနေ့ထက်တိုင် ခိုင်မြဲ လျက်ရှိနေကြောင်း၊ ယခုကဲ့သို့ ခိုင်မြဲနေခြင်းသည်လည်း လူငယ်မျိုးဆက်သစ်များက မြန်မာ့အနုသုခုမပညာရပ်များကို ခေတ်အဆက်ဆက် လက်ဆင့်ကမ်း ထိန်းသိမ်း စောင့်ရှောက်ခဲ့သောကြောင့်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိဝါသနာပါရာ အနုပညာရပ်များဖြင့် အနာဂတ်တွင် မိမိနိုင်ငံမိမိလူမျိုး၏ ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ပြီး အမျိုးသားရေး လက္ခဏာများ၊ ယဉ်ကျေးမှုဓလေ့ ထုံးတမ်းအစဉ်အလာများကို မပျောက်ပျက်အောင် ကာကွယ်စောင့်ရှောက်သွားကြရန် တိုက်တွန်းလိုကြောင်း၊ ယဉ်ကျေးမှုပျောက်လျှင် လူမျိုးပါကွယ်ပျောက် သွားမည်ဖြစ်၍ အမိတက္ကသိုလ်ကြီးက သင်ကြားပေးလိုက်သည့် အနုပညာရပ်များကို စနစ်တကျ လက်ဆင့်ကမ်းထိန်းသိမ်းစောင့် ရှောက်သွားကြရန်နှင့် ယဉ်ကျေးမှုကိုယ်ခံအား တောင့်တင်းခိုင်မာအောင် ဆောင်ရွက်သွားကြရန် အလေးအနက် မှာကြားလိုကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကိုက ဂုဏ်ပြု အမှာ စကားပြောကြားသည်။

ချီးမြှင့်ငွေများ ပေးအပ်

ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီး ချုပ်နှင့် ဧည့်သည်တော်များသည် ဂီတ၊ သဘင်၊ ရုပ်ရှင်နှင့် ပြဇာတ်ပညာရပ်များကို သင်ကြားခဲ့သော ကျောင်းသား ကျောင်းသူများ၏ စင်တင်တင်ဆက်မှုများကိုကြည့်ရှုအားပေးပြီး ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။

အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး)တွင် မြန်မာ့ယဉ်ကျေးမှု အနုသုခုမ ပညာရပ်များကို သင်ကြားပေးခဲ့သည်မှာ (၂၁)နှစ်တိုင် ရှိခဲ့ပြီဖြစ်ကာ ဘွဲ့နှင်းသဘင်အခမ်းအနားကို (၁၅) ကြိမ် ကျင်းပခဲ့ပြီး ဝိဇ္ဇာဘွဲ့ ၇၁၂ ဦး၊ ဝိဇ္ဇာဂုဏ်ထူးဘွဲ့ ၁၇၈ ဦး၊ ဘွဲ့လွန် အနုပညာဒီပလိုမာ ၂၇၇ ဦး၊ ဂုဏ်ထူးဆောင်ဝိဇ္ဇာဘွဲ့ ၁၉ ဦး၊ မဟာဝိဇ္ဇာဘွဲ့ ၃၉ ဦး၊ ဂုဏ်ထူး ဆောင်မဟာဝိဇ္ဇာဘွဲ့ ၁၈ ဦး၊ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့လေးဦး၊ ဘွဲ့လွန်စာကြည့်တိုက် ဒီပလိုမာ ၁၀၇ ဦး စုစုပေါင်း ၁၃၅၄ ဦးကို မွေးထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။

အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်များတွင် မြန်မာ့ရိုးရာ ယဉ်ကျေးမှုအမွေ အနှစ်များဖြစ်သည့် ဂီတ၊ သဘင်၊ ပန်းချီ၊ ပန်းပု ပညာရပ်များကို လက်ဆင့်ကမ်း ထိန်းသိမ်းသွား နိုင်စေရန် ရည်ရွယ်ချက်ဖြင့် သင်ကြားပေးလျက် ရှိသကဲ့သို့ နိုင်ငံတကာ၏ အနုပညာ မျက်နှာစာတွင် အထင်ကရဖြစ်သည့် ခေတ်နှင့်အညီ ဖြစ်ထွန်းနေသော ရုပ်ရှင်နှင့်ပြဇာတ်ပညာရပ် များကိုပါ သင်ကြားပေးလျက်ရှိသည်။

ညနေပိုင်းတွင် အနုပညာအထက်တန်းကျောင်း(မန္တလေး) ပန်တျာနှင့် ပန်းချီ၊ ပန်းပုဌာနတို့ တွင် တက်ရောက်သင်ကြားနေသော ကျောင်းသား ကျောင်းသူများအတွက် မန္တလေးတိုင်းဒေသ ကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် မိသားစုက စက်ဘီးများပေးအပ် လှူဒါန်းခြင်း အခမ်းအနားကို အမျိုးသားကဇာတ်ရုံ (မန္တလေး)တွင် ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကို၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ကျောင်းအုပ်နှင့် ဆရာ ဆရာမများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ရင်းရင်းနှီးနှီးနှုတ်ဆက်

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့သည် ကျောင်းသား ကျောင်းသူ ၂၀ ကို စက်ဘီးများ ပေးအပ်လှူဒါန်းပြီး ကျောင်းသား ကျောင်းသူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးသည်။

သတင်းစဉ်